နယ်မြေလုံခြုံရေးအကြောင်းပြကာ ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ဒေသခံပြည်သူများအား စစ်ကောင်စီက ပြန်လည်နေထိုင်ခွင့်မပြုသေးကြောင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ချောင်းနှစ်ခွဒေသအတွင်း ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် KNU/KNLA/KNOD/PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ချောင်းနှစ်ခွကျေးရွာအပြင် ချောင်းနှစ်ခွဒေသရှိ တောင်ကလေး၊ လှကဇိုင်း အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။
ချောင်းနှစ်ခွရွာသားတစ်ဦးက “စစ်တပ်က ချောင်းနှစ်ဒေသထဲမှာ မြေမြှုပ်မိုင်းတွေထောင်ထားလို့၊ ဒေသခံတွေရဲ့ လုံခြုံရေးအခြေအနေကြောင့် ပြန်မပေးနေတာလို့ ပြောတယ်။ ကိုယ့်ဒေသမှာ တိုက်ပွဲဖြစ်နေတော့ တခြားနေရာတွေမှာလိုက်နေနေရတာ အခုဆိုရင် (၆) လပြည့်တော့မယ်။ အဲ့ဒီတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ အခက်အခဲတွေ တော်တော်လေးကို ဖြစ်နေပြီ” ဟု ပြောကြားသည်။
ချောင်းနှစ်ခွဒေသခံများအနေဖြင့် နေရပ်ပြန်လာ ပြန်လည်နေထိုင်ခွင့်ပေးရန်အတွက် ချောင်းနှစ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ (၇) ကြိမ်ထက်မနည်းသွားရောက်တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးကြရသည့်အပြင် ချောင်းနှစ်ခွကျေးရွာအတွင်း ကျန်ရစ်ခဲ့သည့် နေအိမ်များမှ အဖိုးတန်ပစ္စည်းများလည်း ခိုးယူခံနေကြရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ချောင်းနှစ်ခွဒေသခံပြည်သူ (၂၀၀၀) ကျော်ခန့်ရှိနေသေးကြောင်း နှင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော အစရှိသည့်မြို့များရှိ ဆွေမျိုးများ၊ အသိမိတ်ဆွေများ နှင့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နေကြရကြောင်း ယင်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ချောင်းနှစ်ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက် ဒေသခံပြည်သူများအား စစ်ကောင်စီမှ ဖမ်းဆီးရိုက်နှက်ခြင်းများ ကျူးလွန်နေကြသည့်အပြင်၊ ဒေသခံပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူမှုများလည်း ကျူးလွန်နေကြကြောင်း ဒေသခံများက ဆိုကြသည်။
ရက်ပေါင်း (၅၀) ကျော်ကြားဖြစ်ပွားခဲ့သည့် ချောင်းနှစ်ခွဒေသ တိုက်ပွဲများအတွင်း ဒေသခံပြည်သူ(၁၀) ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ (၂၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အပြင်၊ နေအိမ် (၁၀၀) ခန့် မီးလောင်ပျက်ဆီးခဲ့ရကြောင်း နှင့် မုဒုံ – ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်ရှိ အတ္ထံရံမြစ်ကူး ချောင်းနှစ်တံတားမှာလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထို့နောက် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ချောင်းနှစ်ခွဒေသအား စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် (၆) လနီးပါးကြာမြင့်လာပြီး ဖြစ်သော်လည်း စစ်ကောင်စီမှ နယ်မြေလုံခြုံရေးအကြောင်းပြကာ ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ဒေသခံပြည်သူများအား ပြန်လည်နေထိုင်ခွင့် မပြုပေ။