တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ မွန်ပြည်သစ်ပါတီ တပ်တည်နေရာ ထိန်းချုပ်နယ်မြေဖြစ်သော တနသႅာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေ ရှေ့တန်တပ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်တပ်မှ လက်နက်ကြီးနှင့်ပစ်သည့်အပြင် ဂျက်ဖိုက်တာ စစ်လေယာဥ်ဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထွက်ပြေးလာသော ရွာသားများက ပြောသည်။
ယင်းကဲ့သို့ မြေပြင်နှင့် ဝေဟင်မှတိုက်ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရှေ့တန်းရုံးရှိ အဆောက်အဦအချို့အပါဝင် အနီးရှိ မျောက်ချောရွာမှာလည်း နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ရွာသားတစ်ဦးက ဆိုသည်။
“အဲဒီနေ့မှာက တိုက်ပွဲနဲ့ မဆိုင်ဘူး၊ တော်လှန်ရေးတပ်တွေနဲ့ ဗမာစစ်တပ်တွေက အခြားနေရာမှာ တိုက်ပွဲဖြစ်နေကြတယ်၊ မွန်ပြည်သစ်တပ်စခန်းနဲ့ ရွာထဲကို စစ်တပ်က လက်နက်ကြီးတွေပစ်ထည့်သလို လေယာဥ်နဲ့လည်း ၄ ကြိမ် ဗုံးလာကျဲသွားတယ်” ဟု ထွက်ပြေး လာသည့် ရွာသားတစ်ဦးက ပြောသည်။
ယင်းသို့ စစ်တပ်ဘက်က ရွာထဲကို လက်နက်ကြီးဖြင့်ပစ်ထည့်ခြင်း၊ လေယာဥ်ဗုံးကျဲခြင်းတို့ကြောင့် မွန်ပြည်သစ်တပ်စခန်း၏ ပျက်စီးမှုအခြေအနေကို မသိရသော်လည်း အိမ်ခြေ ၁၀၀ ခန့်ရှိသော မျောက်ချောရွာမှာ အိမ်ခြေထက်ဝက်နီးပါး မီးလောင်ကျွမ်းခဲ့ရကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက “ဒီကိစ္စတွေအပေါ် မွန်ပြည်သစ်ပါတီဗဟိုက စစ်ကောင်စီ ကရခတိုင်းကို ကန့်ကွက် စာတစ်စောင် ဒီနေ့ပို့လိုက်တယ်၊ ဘာအကြောင်းအရာတွေ ရေးထားသလဲဆိုတာ ကျနော့မှာ ပြောပိုင်ခွင့်မရှိဘူး”ဟု ဆိုသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ် တို့သည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီ ရာဖူးကျေးရွာအုပ်စုအတွင်း ၇ နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MSRF ပြောခွင့်ရ နိုင်နဂါးက မီဒဳယာများကို ပြောကြားခဲ့သည်။
“ရန်သူက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ကျွန်တော်တို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး ၃/၄ နာရီလောက်အကြာမှာ ရန်သူဂျက်လေယာဉ်တွေ မြိတ်ကတက်လာတယ်။ အဲဒီကနေပြီးတော့ လေးကြိမ်တိတိ ဗုံးကြဲသွားတယ်။ ဗုံးတွေက တိုက်ပွဲနဲ့ မဆိုင်တဲ့ မျောက်ချောရွာမှာ သွားပြီးတော့ကျတယ်။ အိမ်တွေ မီးလောင်တာတွေ ရှိတယ်”ဟု သံလွင်တိုင်း(မ်) မှာ ဖော်ပြခဲ့သည်။
လတ်တလောတွင် မြန်မာစစ်တပ် စကခ (၈) လက်အောက်ခံတပ်ရင်းများမှ ထုတ်နှုတ်အင်အား ၄၀၀ ခန့်က အဆိုပါ ကလိန်အောင်ဒေသတဝိုက်အတွင်း စစ်ကြောင်း ၄ ကြောင်းခွဲ၍ လှုပ်ရှားလျှက်ရှိကြောင်း ၊ မွန်ပြည်နယ်နှင့် တနသႅာရီတိုင်းကို ဆက်သွယ်ထားသော အမှတ်(၈) အဝေးပြေးကားလမ်းမကြီးတွင် မော်တော်ကားများ ပုံမှန်အနေအထား ပြန်လည်သွားလာနိုင်ရန် စစ်ကောင်စီဘက်က အပြင်းအထန်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။