တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်နေရာများတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးခဲ့ပြီး မျောက်ချောရွာတွင် အိမ်ခြေ ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇွန်လ (၁၉) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် MSRF ပူးပေါင်းအဖွဲ့တို့သည် အဆိုပါ မျောက်ချောကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မွန်းလွဲ (၂) နာရီအချိန်ခန့်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာက (၄) ကြိမ် ဗုံးကြဲတိုက်ခိုက် သည့်အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မျောချောကျေးရွာတွင် နေအိမ် (၄၀) ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ညနေ (၃) နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၃၀) ကျော်သေဆုံးကာ (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MSRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
MSRF တာဝန်ရှိသူက “တိုက်ပွဲက (၈) နာရီလောက်ကြာသွားတယ်။ ကျနော်တို့ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်သလို၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တာရှိခဲ့တယ်။ နှစ်ဖက် အနီးကပ် ရင်ဆိုင်တိုက်တာတွေလည်း ရှိခဲ့တယ်” ဟု ပြောသည်။
သို့ရာတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အခြေအနေများအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထို့အပြင် ၎င်းတိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် (၂) ဦး၊ ABSDF (၁) ဦး နှင့်ကံပေါက် PDF (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် MA 2 စက်ကလေးတစ်လက်ရရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ထိုတိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်အတူ ဒေါနစစ်ကြောင်း၊ ABSDF , KPDF, YGF, ရေးသိမ်းငှက်အဖွဲ့နှင့် NMSP (AD) အဖွဲ့များ ပူးပေါင်းကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရာဖူးဒေသခံတစ်ဦးက “အခု ဇွန်လဆန်းပိုင်းကတည်းက ရာဖူးကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားကြလို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ရွာထဲမှာ အိမ်စောင့်သဘောမျိုး ဒေသခံအနည်းငယ်ဘဲ ကျန်ရစ်ခဲ့ကြတယ်” ဟု ပြောသည်။
လတ်တလော ရေး – ထားဝယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် အတွက်ကြောင့် ပြည်သူများအနေဖြင့် အသွားလာဆင်ခြင်ကြရန်လည်း တော်လှန်ရေးအဖွဲ့များက သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။