ဇုတ်သုတ်ကျေးရွာ၊ ရွာလယ်ပိုင်းနေ အသက် (၅၀) နှစ်အရွယ် ဦးလှမိုး၊ ဇနီးဖြစ်သူ ဒေါ်နီလာခိုင် နှင့် သားဖြစ်သူ အသက် (၁၈) နှစ်အရွယ် မောင်ထွန်းလှမိုး တို့ (၃) ဦးအား ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့က ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးလှမိုး က မြေတူးတဲ့ ကားမောင်းတဲ့သူပါ။ အရင်ကတော့ NLD ပါတီထောင်ခံပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ တင်ဖူးသလောက်ဘဲ ရှိခဲ့တာပါ။ နောက်ပိုင်းမှတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်တာမျိုး မတွေ့ရတော့ဘူး” ဟု ၎င်းဒေသခံက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား သတင်းပေးခြင်း၊ ငွေကြေးနှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည့် စွပ်စွဲချက်ဖြင့် ဦးလှမိုး တို့ မိသားစုဝင် (၃) ဦးအား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် ဦးလှမိုးတို့ မိသားစုဝင် (၃) ဦးအား ဘီးလင်းမြို့မရဲစခန်း၌ ဖမ်းချုပ်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းစစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄) ဦးအပါအဝင် ကျိုက်ထိုမြို့ခံပြည်သူ (၈) ဦးအား PDF အဖွဲ့များအား ထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။