ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူမြို့ဘက်သို့သွားရာ ကားလမ်းပေါ်ရှိ ဒနုံးချောင်းတံတားပေါ် ရေကျော်နေသည့်အတွက်ကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရ ခက်ခဲနေကြောင်း ကားသမားများနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် တောင်ကျရေကျပြီး ဒနုံးချောင်းတံတားပေါ်နေကျော်နေသဖြင့် ကားများအား ဖောင်ဖြင့်ကူးဖြတ်နေကြရကြောင်း ကားသမားတစ်ဦးက ပြောသည်။
“ဒနုံးချောင်း တံတားက ရေကြီးလို့ နစ်မြုပ်သွားပြီး။ သွားလာရေးက အရင်ကလို မလွယ်ကူတော့ဘူး။ ဖောင်တွေနဲ့ ကူးရတဲ့အတွက် ကားတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိကို တန်းစီးပြီးစောင့်နေကြရတယ်။ ဖောင်ကလည်း တစ်ခုပဲ ရှိတဲ့တော့ ကုန်ပစ္စည်းတွေပါတဲ့ကားတွေရော၊ ခရီးသည်တင်ကားတွေက သွားရေးလာရေး အခက်အခဲဖြစ်နေကြတယ်” ဟု ၎င်းကားသမားက ဆက်လက်ပြောကြားသည်။
ဒနုံးချောင်းအား ဖြတ်သန်းရန်အတွက် စောင့်ဆိုင်းနေကြသည့် ကားများပြားနေသည့်အတွက်ကြောင့် နှစ်ရက်သုံးရက်ခန့်အထိ စောင့်ဆိုင်းကာ သွားလာနေကြရကြောင်းလည်း ၎င်းကားသမား ကဆိုသည်။
မိုးရွာသွန်းမှုများကြောင့် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းများမှ ခရီးသွားလာ၍ ခက်ခဲနေသည့်အတွက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ကြမည့်သူများအနေဖြင့် ဘုရားသုံးဆူနယ်စပ်မြို့ဘက်မှ သွားလာမှု များပြားလာကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
“မြဝတီဘက်ကိုသွားမယ့် လမ်းတွေက ပျက်နေတော့ ထိုင်းနိုင်ငံဘက်ကို အောက်လမ်း (တရားမဝင်လမ်းကြောင်း) ကသွားကြမယ့်လူတွေက ဘုရားသုံးဆူမြို့ဘက်ကတဆင့် ထိုင်းဘက်ကို သွားလာနေကြတာ များလာတယ်။ အဲ့ဒီအတွက် ပြည်တွင်းကနေ ဘုရားသုံးဆူဘက်ကို လာကြတဲ့သူတွေများတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ ကြာအင်းဆိပ်ကြီးမြို့အထွက်ရှိ ဒနုံးချောင်းတံတားရေကျော်နေသည့်အတွက်ကြောင့် လမ်းတွင် နှစ်ညခန့်အိပ်၍ သွားလာနေကြရကြောင်းလည်း ၎င်းက ဆိုသည်။
မွန်ပြည်နယ် အတွင်းမှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ဘက်သို့ သွားရောက်ကြရာတွင် မော်လမြိုင် – ကျိုက်မရော – ဖာသိမ် – ကျုံကွယ် – ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူကားလမ်း၊ မုဒုံ – ချောင်းနှစ်ခွ – သံပုရာ – ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူကားလမ်း၊ မုဒုံ – အဘစ် – တောင်ဒီး – တောင်ပေါက် – ဝင်းရော် – ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူကားလမ်း၊ သံဖြူဇရပ် – သက္ကော – အနန်းကွင် – ဘုရားသုံးဆူကားလမ်း နှင့် ရေး – ဘုရားသုံးဆူကားလမ်း စသည်ဖြင့် ကားလမ်းများရှိသော်လည်း ခရီးသွားပြည်သူများ၏ လုံခြုံရေးအခြေအနအရ အဆင်ပြေသည့်လမ်းကြောင်းများမှ သွားလာနေကြရကြောင်း သိရသည်။
ထို့ပြင် ထိုင်း-မြန်မာ ဘုရားသုံးဆူ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှတဆင့် ကုန်စည်များအပြန်အလှန်ဖြတ်သန်းသွားလာခွင့်ကို ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာအာဏာပိုင်တို့က ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။