ထိုင်း-မြန်မာ ဘုရားသုံးဆူ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှတဆင့် ကုန်စည်များအပြန်အလှန်ဖြတ်သန်းသွားလာခွင့်ကို ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာအာဏာပိုင်တို့က ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။
ကုန်သည်တစ်ဦးက “ဒီမနက်ကစပြီး မြန်မာဘက်က ပိတ်လိုက်ပြီ၊ ကုန်ပစ္စည်းတွေ ဟိုဘက်ဒီဘက် ကူးလို့မရတော့ပါဘူး၊ သွပ်ဂိတ်ကိုလည်း ပိတ်ထားလိုက်တယ်၊ ကုန်တင်ကားတွေ ဝင်ထွက်လို့ ဝင်ထွက်သွားလာလို့ မရတော့ပါဘူး၊ တချို့ဘေးမလွယ် ပေါက်ကနေ ပစ္စည်းတစ်ထမ်းစာလောက် ယူသွားလို့ရတယ်၊ ဒါပေမယ့် ထိုင်းဘက်ကတော့ မပိတ်ပါဘူး” ဟု ဆိုသည်။
အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံမှ ကြက်သွန်နှင့် ငါးများကို ထိုင်းဘက်သို့ တင်သွင်းနေပြီး ထိုင်းဘက်မှ အိမ်ဆောက်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို မြန်မာဘက်ကို တင်ပို့ကြသည်ဟု ၄င်းက ဆိုသည်။
“မြဝတီဘက်မှာ ကားလမ်းအခြေအနေဆိုးတော့ ဘုရားသုံးဆူလမ်းဘက်ကို ထိုင်းကုန်ပစ္စည်းတွေ တော်တော်လေးထွက်ပါတယ်၊ ဒါပေမယ့် ကြာအင်းဆိပ်ကြီးဘက်မှာ လမ်းတွေရေမြုပ်နေတော့ ခုရက်ပိုင်းမှာ လုံးဝသွားလာလို့ အဆင်မပြေပါဘူး၊ လမ်းမှာအိပ်ရတယ်၊ ကျနော်တို့လို ကုန်သည်တွေအဖို့ တွက်ခြေ မကိုက်တော့ပါဘူး” ဟု ၄င်းကဆက်ပြောသည်။
မြန်မာနိုင်ငံမှ တင်သွင်းလာသည့်ကြက်သွန်အိတ်များအထဲတွင် မူးယစ်ဆေးဝါးများ ဖွက်လာသည်ဆိုသည့် သတင်းများကြောင့် ထိုင်းလုံခြုံရေးဂိတ်များသို့ ဖြတ်သန်းရာတွင် အစစ်အဆေးအလွန်များပြားကြောင်း ခရီးသွားများက ဆိုသည်။
ဘုရားသုံးဆူဂိတ်အပါအဝင် တရားမဝင်နယ်စပ်ကုန်သွယ်ရေး ဂိတ် ၂၂ ခုကို ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် နှစ်ဖက်ဒေသအာဏာပိုင်များအချင်းချင်း နားလည်မှုဖြင့် ညှိနှိုင်းဖွင့်လှစ်ထားကြပြီး အခြေအနေအရ မကြာခဏဖွင့်လိုက်ပိတ်လိုက် ပြုလုပ်လေ့ရှိသည်။
သို့ရာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရအနေဖြင့် တာချီလိပ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင် – ရနောင်းနှင့် ထီးခီး – နမ့်ဖုရောန့် နယ်စပ်ဂိတ်ကြီး ၄ ခုကို တရားဝင်ဖွင့်လှစ်ထားသဖြင့် ပတ်စပို့ဖြင့်လည်းကောင်း၊ ယာယီခရီးသွားလက်မှတ်ဖြင့်လည်းကောင်း အပြန်အလှန်သွားလာ နိုင်ကြသည်ဟု သိရသည်။