ကောင်းဝါ ဇွန် ၂၁၊ ၂၀၁၃။
ထိုင်းနယ်စပ်အနီးရှိ တပ်စခန်း ၅ ခုကို ဆုတ်ခွာပေးမည်မဟုတ်သလို ထိုင်းအာဏာပိုင်တောင်းဆိုမှုကိုလည်း လက်ခံမည်မဟုတ်ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါတပ်စခန်းများသည် ထိုင်းဘက်ခြမ်းတွင် တည်ရှိနေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာရှိနေပြီး ၎င်းတို့၏ဒေသကို ကာကွယ်ခြင်းဖြစ်ကြောင်း၊ ထိုတပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံအနေဖြင့် ဖိအားပေးတောင်းဆိုရန် မလိုကြောင်း UWSA တောင်ပိုင်းဆက်ဆံရေးရုံး တာဝန်ခံပြောကြားချက်ကို Wa Channel သတင်းဌာနက သတင်းဖော်ပြသည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဇွန် ၁၉ ရက်က ကျင်းပခဲ့သည့် (၉၇) ကြိမ်မြောက် ထိုင်း- မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ (Thai- Myanmar Township Border Committee -TBC) အစည်းဝေး၌ (UWSA) ၏ အဆိုပါ တပ်စခန်း ၅ ခုကို ဖယ်ရှားပေးရန် မြန်မာတာဝန်ရှိသူများထံ ထိုင်းအာဏာပိုင်များ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ UWSA ၏ တပ်စခန်းများမှာ ဘန်မယ်ဆိုင်ခရိုင်ခွဲ၊ ဝီယန်းဖန်ခမ်းခရိုင်ခွဲ၊ မယ်ဆိုင်ခရိုင်နှင့် ချင်းမိုင်းခရိုင်များ အတွင်းရှိ တပ်စခန်းများဖြစ်ကြောင်း သိရသည်။
Photo, Wa Channel.