ကျိုက်မရောမြို့နယ်ရှိ မွန်ပြည်နယ် ဗဟိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇွန်လ (၁၂) ရက်နေ့က ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ ယမန်နေ့က နိုင်ငံရေးအကျဉ်းသား (၁၅၀) ခန့်အား ထောင်ပြောင်းရွေ့မှုလုပ်ဆောင်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ဇွန်လ (၁၂) ရက်နေ့က ညနေပိုင်းအချိန်က ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးအား ထောင်အာဏာပိုင်များက နှစ်ထပ်အမြင့် အဆောက်အဦးတစ်ခုအား ဝါရိန်ဆော်ခိုင်းရာမှ မိုးရွာသွန်းနေသည့်အတွက်ကြောင့် အကျဉ်းသားမှာ ဓါတ်လိုက်ပြီး ပြုတ်ကျကာ သတိလစ်သွားကြောင်း သိရသည်။
ထိုအကျဉ်းသားအား ထောင်ပြင်ပဆေးရုံတွင် ဆေးကုသခွင့်မပေးဘဲ ဒီအတိုင်းပစ်ထားသည့် အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားများမှ ဆေးကုသခွင့်ပေးရန် တောင်းဆိုရာမှ ထောင်ဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ထောင်ဆူပူမှုဖြစ်ပွားတဲ့အချိန်က ညနေ (၅) နာရီကျော်ကျော်လောက်ကနေ ည (၇) နာရီလောက်အထိဖြစ်သွားတာ။ ထောင်အာဏာပိုင်တွေက အကျဉ်းသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့လိုက်တယ်ဆိုတော့မှ ပြန်လည်ငြိမ်သက်သွားကြတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုအခြေအနေကြောင့် ဇွန်လ (၁၃) ရက်နေ့မနက်ပိုင်းမှစတင်ကာ ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဝင်ရောက်နေရာယူလာကြပြီး လုံခြုံရေးတိုးမြှင့်လိုက်ကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆိုသည်။
ထို့အပြင် နေ့ ဇွန်လ (၁၅) ရက်နေ့ နံနက်အစောအချိန်က ၎င်းကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၁၄၆) ဦးအား ထောင်ပြောင်းရွှေ့မှုများလုပ်ဆာင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကြားသိရသလောက်က ကျိုက်မရောဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်တယ်လို့သိရတယ်၊ နိုင်ငံရေးအကျဉ်းသူတွေကိုတော့ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်တယ်လို့ သိရတယ်” ဟု ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၂၀၀၀) ကျော်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။