နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏ရပ်ရွာအတွင်းရောက်ရှိနေသည့် စစ်တပ်သော်လည်းကောင်း၊ တော်လှန်ရေးအဖွဲ့များသော်လည်းကောင်း၊ ၎င်းတို့၏ ပြုမှုပြောဆိုဆက်ဆံပုံများမှာ ဒေသခံပြည်သူများအတွက် အကြောက်တရားပိုမိုဖြစ်ပေါ်စေကြောင်း ဂျိုင်းမြစ်နံဘေးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများက ပြောကြားသည်။
ကော့ဘိန်းမှ ကော့သပ်အထိ ကျေးရွာ ၁၀ ရွာကျော်အတွင်း စစ်တပ်က တပ်စွဲထားပြီး တော်လှန်ရေးအဖွဲ့အစည်းအချို့က ခရုံဂူအနီးတဝိုက် မွန်ကျေးရွာများတွင် ဝင်ရောက်လှုပ်ရှားလျှက်ရှိရာ အိမ်ပြန်မရဲသေးသည့် စစ်ဘေးရှောင် အများအပြားရှိနေသေးကြောင်း ကျိုက်မရောမြို့နယ်မှ လူမှုကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။
၄င်းက “အခု ရွာအတော်များများမှာ စစ်တပ်က ဝင်ရောက်နေထိုင်နေတာမျိုးတွေရှိတယ်။ အဓိက သူတို့ရဲ့ ပြုမှုပြောဆိုဆက်ဆံပုံတွေက ဒေသခံတွေကို အကြောက်ပိုကြီးထွားစေပါတယ်။ စစ်တပ်မလာတဲ့ရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက နေအိမ်မှာ အတင်းတက်နေတာရှိတယ်၊ အဲ့ဒါကြောင့် တချို့ဆို ရွာကိုပြန်မလာချင်တော့ဘူး။ ရွာမှာကို မနေချင်တော့လို့ မြို့ပေါ်ကို ပြောင်းရွေ့သွားကြတာမျိုးရှိကြတယ်၊ တချို့ဆို ထိုင်းကို မိသားစုအလိုက် ပြောင်းသွားကြတယ်” ဟု ပြောကြားသည်။
ပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်ကြရန် တိုက်တွန်းနေသော်လည်း ကျေးရွာများ၌ သေနတ်သံ၊ ဗုံးသံများ နေ့စဉ်လိုလိုကြားနေရကြောင်း၊ ပစ်ခတ်မှုများလည်း ရှိနေသေးကြောင်း စစ်တပ်ဘက်မှ မထင်လျှင် မထင်သလို ပြုမှုပြောဆို ဆက်ဆံနေကြသည့်အတွက် ဒေသခံများအဖြေင့် မိမိ၏ရပ်ရွာများသို့ မပြန်ရဲဖြစ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
နေအိမ်မီးလောင်ခံထားရသည့် ဓမ္မသဒေသခံတစ်ဦးကလည်း “မီးလောင်ခံထားရတဲ့ ကျနော်တို့လို မီးဘေးစစ်ရှောင် ၂ ထပ်ကွမ်းဒုက္ခည်တွေ အနေနဲ့ ရွာကို ပြန်လာရင်လည်း နေစရာနေရာမရှိဘူးဆိုတဲ့ အခက်အခဲတွေ ရှိနေပြန်တယ်” ဟု ပြောကြားသည်။
ထို့အပြင် ဈေးရောင်းဈေးဝယ်မှ အစ၊ လယ်ယာလုပ်ငန်းခွင်အထိ လုပ်ငန်းကိုင်ငန်းများ နှင့် ပတ်သက်၍လည်း အဆင်မပြေတော့ကြောင်း၊ လတ်တလောတွင် ခိုးနှိုက်လုယက်မှုများလည်း ဖြစ်ပေါ်နေပြီး လုံခြုံစိတ်ချရသည့်အနေအထားမျိုးမရှိတော့သည့်အတွက်ကြောင့် စားဝယ်နေရေးအတွက် အခက်အခဲများ ပို၍ကြုံတွေ့လာနိုင်ကြောင်းလည်း နေရပ်စွန့်ခွာစစ်ဘေးရှောင် ဒေသခံပြည်သူများက ဆိုကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ မွန်ဒေသတွင် လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်မားလာပြီး ထိုမှတဆင့် မတ်လ (၂၄) ရက်နေ့၌ ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ (၂၀) ခန့် စစ်ဘေးဒဏ် အပြင်းအထန် ခံစားခဲ့ရကြောင်း၊ ထိုစစ်ဘေးဒဏ်သည် မွန်ဒေသတွင် ကြုံတွေ့ခံစားခဲ့ရသည့် စစ်ဒဏ် များအနက် အပြင်းထန်ဆုံးသော စစ်ဒဏ်သင့်မှုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုစစ်ဒဏ်ကြောင့် ဂျိုင်းမြစ်ဒေသတဝှမ်းရှိကျေးရွာများမှ အိမ်ခြေ (၄၁၆) လုံး မီးလောင်ပျက်စီး ခဲ့ရကာ ၊ ပြည်သူ (၅ဝဝဝဝ) ခန့် စစ်ဘေးဒဏ်သင့်ခဲ့ရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနား ဂျိုင်းမြစ် တစ်လျှောက်ရှိ ကျေးရွာ (၁၁) ရွာခန့်မှပြည်သူများသည် မိမိတို့၏ နေရပ်အိုးအိမ်များကို စွန့်ခွာကာ အများ အပြားမှာ စစ်ဘေးရှောင်များ ဖြစ်လာခဲ့ကြရကြောင်း သိရသည်။