ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကော့ပေါက်မှ ဆက်စပ်နယ်မြေဖြစ်သော မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာအထိ ဂျိုင်းမြစ်ကမ်းတလျှောက် စစ်ဒဏ်သင့် မွန်ကျေးရွာ (၁၁) ရွာ၌ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များ လုံခြုရေးရယူထားစဥ်ကာလအတွင်း ခိုးဆိုး လုနှိုက် ဒုစရိုက်မှုများ ကျူးလွန်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက “ရွာကိုစစ်တပ်က လုံခြုံရေးအပြည့်ယူထားပြီး အပြင်လူ လုံးဝမဝင် ရလို့ တားမြစ်ထားတဲ့ကြားကဘဲ အိမ်အသုံးအဆောင်ပစ္စည်းတွေ ခိုးဆိုး လုနှိုက် ဒုစရိုက်သမားလက်ထဲမှာ ပျောက်ကုန်ပါတယ်၊ ရွာသားတွေဆိုရင်လည်း ရွာအဝင်ဝမှာ အမျိုးမျိုးစစ်ဆေး မေးမြန်းမှုတွေ ခံရပြီးမှ အိမ်ပြန်လာခွင့် ရခဲ့တာပါ၊ အိမ်ပြန်ရောက်တော့လည်း တန်ဖိုးရှိအိမ်သုံးပစ္စည်းတွေ ဘာတခုမှ မကျန်သလောက်ပါဘဲ၊ အားလုံး ပျောက်ကုန်ပါပြီ၊ အပြင်က ဘယ်သူခိုးတွေမှ ရွာထဲကို ဝင်ရောက်လာနိုင်စရာ အကြောင်း မရှိပါဘူး” ဟု ဆိုသည်။
ညအချိန် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းအပေးအယူလုပ်၍ မြို့ပေါ်မှ ပစ္စည်းဟောင်း အရောင်းသမားတို့က ဒုစရိုက်သမားများကဲ့သို့ ဂိုဏ်းဖွဲ့ပြီး မော်တော်ကားများဖြင့် ရွာထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကာ တန်ဖိုးရှိ အိမ်သုံးပစ္စည်းများကို ကောက်ယူသွားခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
သို့ရာတွင် ယင်းဖြစ်စဥ်ကို စစ်ကောင်စီ အာဏာပိုင်များနှင့် လုံခြုံရေး ယူထားသော သက်ဆိုင်ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အတူ အရပ်သားနေအိမ်များအတွင်း တံခါးများအတင်းရိုက်ချိုးကာ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်နေရာယူခဲ့ပြီး အိမ်ရှင်များ ပြန်ရောက်လာသောအခါ လွယ်လွယ်နှင့် ဖယ်မပေးကြသလို အိမ်အသုံးအဆောင်ပစ္စည်းများမှာလည်း ပျောက်ရှပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
“အိမ်မှာထမင်းဟင်းပုဂံတွေ ကွဲကုန်တယ်၊ အရက်ပုလင်းတွေ အမှိုက်တွေပုံလို့ပါဘဲ၊ အိမ်ပြန်ချင်စိတ်တောင် မရှိတော့ပါဘူး” ဟု အိမ်ပြန်လာသည့် ဓမ္မသရွာသူတစ်ဦးက ဆိုသည်။
အလားတူ ကျိုက်မရောမြို့နယ် ခရုံဂူအနီးတဝိုက်၌ ကရင်လက်နက်ကိုင်နှင့် PDF တပ်ဖွဲ့အချို့တို့က အရပ်သားနေအိမ်များအတွင်း အတင်းဝင်ရောက်နေရာယူထားသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း မွန်ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောကြားသည်။
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစကာ မွန်ဒေသတွင် လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်မားလာပြီး ထိုမှတဆင့် မတ်လ (၂၄) ရက်နေ့၌ ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ (၂၀) ခန့် စစ်ဘေးဒဏ် အပြင်းအထန် ခံစားခဲ့ရကြောင်း၊ စစ်ဒဏ်ကြောင့် ဂျိုင်းမြစ်ဒေသတဝှမ်းရှိကျေးရွာများမှ အိမ်ခြေ (၄၁၆) လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ (၅ဝဝဝဝ) ခန့် စစ်ဘေးဒဏ်သင့်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနား ဂျိုင်းမြစ် တစ်လျှောက်ရှိ ကျေးရွာ (၁၁) ရွာခန့်မှပြည်သူများသည် မိမိတို့၏ နေရပ်အိုးအိမ်များကို စွန့်ခွာကာ အများ အပြားမှာ စစ်ဘေးရှောင်များ ဖြစ်လာခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ကျေညာချက်ထုတ်ပြန်ခဲ့သည်။