ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ်းကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေးတွင် ယမန်နေ့ ဇွန်လ (၁၂) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က မွန်ပုဆိုးဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀၀) အား ထိုင်းအာဏာပိုင်များက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့်သတင်းများအရ သိရသည်။
မဲဆောက်အခြေစိုက် ထိုင်းနယ်ခြားစောင့် (၄၃၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် မဟာဝမ်းကျေးရွာဘက်တွင် ကင်းလှည့်ဆောင်ရွက်နေစဉ် သောင်းရင်းမြစ်ကမ်းဘေး ခြုံပုတ်အတွင်းမှ မွန်ပုဆိုးဖြင့်ထုပ်ထားသည့် မသင်္ကာဖွယ်ရာအထုပ်အားတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို ပုဆိုးထုပ်အား စစ်ဆေးခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀၀) ပြားနှင့်အတူ အမျိုးသမီးသုံး Louis Vuitton အမျိုးအစား အဖြူရောင်လက်ကိုင်အိတ်တစ်လုံးကိုတွေ့ရှိခဲ့ရသဖြင့် တာဝန်ရှိသူများမှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းများက ဆိုကြသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်မှာ မဲဆောက်မြို့နယ်၌ ယခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။