မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မော်လမြိုင် – သံဖြူဇရပ်ကားလမ်းတွင် ယမန်နေ့ ဇွန်လ (၉) ရက်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီး တိုက်ခိုက်ခံခဲ့ရပြီး၊ အရာခံဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်၊
မော်လမြိုင် – သံဖြူဇရပ်လမ်းပိုင်းတွင် လမ်းကင်းလုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၃၁၀) အမြောက်တပ်ရင်း မှ အရာခံဗိုလ်တင်ဝင်း ဦးစီးပြီး တပ်ဖွဲ့ဝင် (၁၀) ဦး စီးနင်းလိုက်ပါလာသော ဟိုင်းဂျက်အမျိုးအစား ကားအား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အရာခံဗိုလ်တင်ဝင်း ကတော့ ကျည်ထိမှန်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာတင်ကျဆုံးခဲ့ပါတယ်။ နောက် ယာဉ်မောင်းဖြစ်တဲ့ တပ်ကြပ်ကြီးဝင်းဇော်လတ်မှာက ညာဘက်ဒူးမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း မော်လမြိုင်မြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် (၁၂) ဘီးကုန်တင်ယာဉ်မောင်းဖြစ်သူ အသက် (၃၄) နှစ်အရွယ် ကိုချစ်ရင်ထူးဆိုသူမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“(၁၂) ဘီးကုန်တင်ကားက ကြားညှပ်သွားတာပါ။ ယာဉ်မောင်းရဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ သူ့ကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးသည့်နောက် ဇွန်လ (၉) ရက်နေ့ ညပိုင်းတွင် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ လက်နက်ကြီးများဖြင့် ရမ်းသစ်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။