ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲရွာရှိ အသုဘအိမ်ဖဲဝိုင်း ပစ်ခတ်ခံရပြီး ဇုတ်သုတ်ကျေးရွာမှ ပျူစောထီးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ဇွန်လ (၉) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က အဆိုပါ ပေါက်ကွဲကျေးရွာရှိ ဦးမင်းမင်းစိုး ဆိုသူ၏ နာရေးအိမ်၌ ဖဲဝိုင်းပြုလုပ်နေစဉ် ကားတစ်စီးဖြင့် လက်နက်ကိုင် (၅) ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီကားပေါ်ကနေ သေနတ်နဲ့ လူနှစ်ယောက်ဆင်းလာပြီးတော့ ဖဲဝိုင်းကိုပစ်ခတ်သွားတာပါ။ သေဆုံးသွားသူနှစ်ဦးက ဦးဇော်မျိုးဝင်း (ခ) ဦးဇော်မျိုး နဲ့ ကိုရန်နိုင်းလင်းပါ။ ဒဏ်ရာရသွားတဲ့သူနှစ်ဦးက ဦးဇော်မျိုးဝင်း ရဲ့ မိန်းမဖြစ်သူ မဇင်မာ နဲ့ အသက် (၁၃) နှစ်အရွယ် မောင်ရဲထွဋ်နောင် တို့ဖြစ်ကြာတာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဦးဇော်မျိုးဝင်း (ခ) ဦးဇော်မျိုးမှာ ဘီးလင်းမြို့မှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရကြောင်း နှင့် ၎င်းအပြင် အမှုပွဲစားလည်းလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသူနှစ်ဦးမှာ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း လုပ်ကြံပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိရာ၊ ပြီးခဲ့သည့် မေလအတွင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှစ်ဦးနှင့်၊ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၊ ယခု ဇွန်လ (၆) ရက်နေ့က ရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး လုပ်ကြံပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။