ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရာဖူးရွာသစ်အနီး ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရှစ်လသားကလေးငယ်အပါအဝင် မိသားစုဝင် (၄) ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ (၇) ရက်နေ့မွန်းလွဲပိုင်းအချိန်က စစ်ကောင်စီတပ်မှ အင်အား (၂၀၀) ခန့်မှာ ကော့လှိုင်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာစဉ် ရာဖူးရွာသစ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်မှာ ရာဖူးရွာသစ်ကျေးရွာရှိ ဓနိမိုး၊ ပျဉ်ထောင်အိမ် တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယင်းနေအိမ်ရှိ မိသားစုဝင် (၄) ဦးလုံး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“မိဘနှစ်ယောက်လုံးက ပွဲချင်းပြီးသေဆုံးသွားတယ်။ ကလေးနှစ်ယောက်ကို မွန်ပြည်သစ်ပါတီရဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပေမယ့် လမ်းမှာဘဲ သေဆုံးသွားကြပါတယ်။ ကလေးနှစ်ယောက်မှာ တစ်ယောက် က (၈) လဘဲရှိသေးတယ်။ နောက်တစ်ယောက်က (၇) နှစ်အရွယ်ကလေးပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
နှစ်ဖက်တိုက်ပွဲ (၂) နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုများပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရာဖူးရွာသစ်တွင် တပ်စွဲထားကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ သာယာမွန်ကျေးရွာဘက်ရှိ ဥယျာဉ်ခြံအတွင်းသို့ လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယင်းဥယျာဉ်ခြံအတွင်း အလုပ်လုပ်နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရာဖူးရွာသစ်တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည့်အတွက်ကြောင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့်အတွက်ကြောင့် ရာဖူးရွာသစ်အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် မေလ (၈) ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်မှာ ကလိန်အောင်မြို့၊ အမှတ် (၃) ရက်ကွက်အတွင်း ကျရောက်ကွဲခဲ့သည့်အတွက် အဘွားအိုတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မေလ (၁၅) ရက်နေ့ကလည်း စစ်ကောင်စီတပ်မှာ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှ ဇဒီရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မောင်နှစ်မ နှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။