ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၉) လက်အောက်ခံ မော့ကနင်ခြေစိုက် ခလရ – ၁၀၆ မှ အသက် (၂၃) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်ကြည်း (၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် မှာ ပြီးခဲ့သည့် ဇွန် (၇) ရက်နေ့က KNU တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချ၍ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
၎င်းနှင့်အတူ MA – 3 (၁) လက်၊ ကျည်ဘောက် (၃) ခု၊ ကျည် (၁၃၀) တောင့်၊ MA -5 (၁) လက်၊ ကျည်ဘောက် (၁) ခု၊ ကျည် (၁၁) တောင့် နှင့် အီနာဂါဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းများလည်းယူဆောင်လာခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော စစ်ကောင်စီတပ်မှ တပ်ထောက်ဗိုလ်ကြီးကျော်မြင့်လွင် အား KNLA တပ်မဟာ (၆) မှ ထောက်ပံ့ငွေ မြန်မာကျပ်ငွေ သိန်းခုနှစ်ဆယ်ကျပ်တိတိကိုလည်း ပြန်လည်ထောက်ပံ့ပေးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆ ) ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် တပ်မအလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား၊ လက်နက်အင်အားများလျော့နည်းလာသည့်အပြင် စိတ်ဓါတ်ရေးရာအရလည်း ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNLA တပ်မဟာ (၆) ထံသို့ အများအပြားလာရောက်ပူးပေါင်းခြင်းများရှိနေကြောင်းလည်း ကေအဲန်ယူ (ဗဟို) မှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အဆိုပါ ခလရ – ၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးသန်းနိုင်စိုး ဆိုသူကိုလည်း တပ်ရင်းအတွက် ရိက္ခာဝယ်ယူရန် Honda Fit ကားဖြင့် တစ်ဦးတည်းထွက်လာစဉ် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။