သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ဇရပ်ကျွန်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်း တွင် ယမန်နေ့ ဇွန်လ (၇) ရက်နေ့ နံနက် (၄) နာရီဝန်းကျင်အချိန်ခန့်က (၁၂) ဘီးကုန် တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနေက် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မတ်ပဲများတင်ဆောင်လာသော သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် BGO – 18 – 6C/**** HYUNDAI အမျိုးအစား (၁၂) ဘီးကုန်တင်ယာဉ်မှာ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၄) နှင့် (၁၃၄/၅) ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့မနက်စောစောမှ ပေါက်ကွဲသံကြားရတော့ တံတားမိုင်းခွဲခံရပြန်ပြီးထင်နေတာ။ နောက်တော့ ကုန်ကားမီးလောင်နေတော့ အနားကလူတွေဝိုင်းငြှိမ်းလိုက်ရတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးတည်း ပါလာတယ်။ မတ်ပဲတွေတင်လာတာလို့ သိရတယ်။ ကုန်ကားခေါင်းပိုင်းနဲ့ မတ်ပဲအိတ်တွေ မီးလောင်ကုန်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် လူနာတင်ယာဉ်များအပါအဝင်၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် မေလ (၂၃) ရက်နေ့ ည (၉) နာရီအချိန်ခန့်ကလည်း အဆိုပါ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် (၂၂) ဘီးတွဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးပြီး၊ တွဲကား၏ ဦးခေါင်းပိုင်း မိုင်းစထိမှန်ပျက်ဆီးခဲ့ကာ၊ တွဲကားပေါ်လိုက်ပါလာကြသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။