ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်းပရဟိတလူငယ်များအဖွဲ့ မှ တာဝန်ရှိသူများနှင့် အသင်းဝင်များ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လမိုင်းမြို့ခံအုပ်ချုပ်ရေးအဖွဲ့မှ လူကြီးများနှင့်အတူ မိသားစုဝင်များက ၎င်းတို့အား ထိန်းသိမ်းထားသည့် ခမရ- ၅၈၈ ခြေမြန်တပ်ရင်းမှ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လမိုင်းပရဟိတလူငယ်များအဖွဲ့က ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် (၃) ဦး၊ စုစုပေါင်း (၅) ဦးကို ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့ ညနေပိုင်းမှာ အမှတ် – ၅၈၈) ခြေမြန်တပ်ကနေ မေးမြန်းစရာတွေရှိလို့ဆိုပြီး ခေါ်သွားတယ်။ မနေ့ ဇွန်လ (၆) ရက်နေ့မှတော့ (၅) ဦးလုံး ပြန်လွတ်လာကြပြီး။ သူတို့ကို ရိုက်နှက်စစ်ဆေးတာမျိုးမရှိသလို၊ နေ့တိုင်း မနက်စာ၊ နေ့လည်စာ၊ ညနေစာတွေကိုလည်း အိမ်ကနေပို့ပေးတယ်။ မိသားစုဝင်တွေနဲ့ကိုလည်း နေ့တိုင်းတွေ့ခွင့်ရတဲ့ အခြေအနေမျိုးရှိခဲ့တယ်လို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
သို့ရာတွင် လမိုင်းပရဟိတလူငယ်များအဖွဲ့နေဖြင့် လတ်တလော ပရဟိတလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ မကြာခင် အစည်းအဝေးပြုလုပ်ပြီး ပရဟိတလုပ်ငန်းများ ပြန်လည်ဆောင်ရွက်သွားမည်ဟု သိရကြောင်း ယင်းအဖွဲ့နှင့် နီစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ပရဟိတလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ နားနေကြဦးမယ်။ ပရဟိတလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်မယ့်အချိန်ကို အဖွဲ့ရဲ့ Facebook Page ကနေ ပြန်ကြေညာပေးပါ့မယ်” ဟု ယင်း လမိုင်းပရဟိတလူငယ်များအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် – ၅၈၈ ခြေမြန်တပ်ရင်း မှ အရာရှိတစ်ဦးမှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လမိုင်းပရဟိတလူငယ်များအဖွဲ့က လူနာတင်ကားဖြင့် ရေး – သံဖြူဖရပ် ကားလမ်းအတိုင်း မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် လူနာတင်ကားပေါ်ပါလာသည့် ထိခိုက်ဒဏ်ရာရရှိထားသူမှာ စစ်ကောင်စီတပ်မှ အရာရှိမှန်းသိသွားသည့်အတွက်ကြောင့် တော်လှန်ရေးအဖွဲ့မှ ၎င်းအားဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင် (၃) ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ထိုနေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင် (၃) ဦးအား ခေါ်ဆောင်သွားပြီးနောက်၊ ယင်းအဖွဲ့ဥက္ကဌဖြစ်သူ ဦးဝင်းအောင် နှင့် အတွင်းရေးမှူးဖြစ်သူတို့ကိုပါ ထပ်မံခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေကြောင့် လမိုင်းပရဟိတလူငယ်များအဖွဲ့အနေဖြင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ရက်အကန့်အသတ်မရှိ ရပ်နားကြောင်းကို ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့က အဖွဲ့၏ Facebook Page မှတဆင့် ကြေညာခဲ့သည်။
စစ်တပ်မှ အာဏာသိမ်းပြီးကာလအတွင်း မွန်ပြည်နယ်၌ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ မကြာခဏ ဖမ်းဆီးစစ်ဆေးခံနေကြရသည့်အပြင်၊ ဖမ်းဆီးထောင်ချခံထားရသူများလည်းရှိကြောင်း၊ ၎င်းအပြင် လူနာတင်ယာဉ်များ ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများလည်းရှိနေကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ရေး-သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားကြောင်း တွေ့ရှိရသည်။