ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာရှိ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံး လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ယမန်နေ့ ဇွန်လ (၆) ရက်နေ့ ည (၆) နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရဲတပ်ကြပ်ကြီးတင်လှ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ၎င်းမှာ တောင်စွန်းကျေးရွာရှိ လျှပ်စစ်ရုံး လုံခြုံရေးတာဝန်ကျနေသူတစ်ဦးဖြစ်ကြောင်း နှင့် လျှပ်စစ်ရုံးမှနေအိမ်သို့ ထမင်းပြန်စားစဉ်လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ရဲတပ်ကြပ်ကြီးတင်လှက ယွန်းဒလင်းကုန်းကျေးရွာလမ်းဆုံအနီးမှာ အမည်မသိလက်နက်ကိုင်တွေက ပစ်သတ်သွားလာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရဲတပ်ကြပ်ကြီး၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းမှစ၍ မွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံ၍ သေဆုံးသူ ၄၀ ဦးထက်မနည်း ရှိကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။