မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြား ရန်ကုန် – မော်လမြိုင် ရထားလမ်းတွင် ယမန်နေ့ မွန်းတည့်ချိန်က ဒေသန္တရလက်လုပ် ဆွဲမိုင်းတစ်လုံး ထောင်ထားသည်ကို လုံခြုံရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ ဒေသန္တရလက်လုပ်မိုင်းအား ရန်ကုန် – မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၁၂၂/၁၄) တွင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဒေသန္တရလက်လုပ်မိုင်းအား အဝါရောင်ပလပ်စတစ်ပုံး နှင့်ထည့်၍ ရထားလမ်းဘေးတွင် မြှုပ်ထားခြင်းဖြစ်ကြောင်း၊ ဤလုပ်ရပ်မှာ KNU လက်ချက်သာ ဖြစ်နိုင်ကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဒေသန္တရလက်လုပ်မိုင်းကို သက်ဆိုင်ရာက မွန်းလွဲ (၂) နာရီဝန်းကျင်အချိန်မှာ အသက်မဲ့အောင်ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ရထားလမ်းတစ်လျှောက်ကိုလည်း မိုင်းရှင်းလင်းရေး ဆောင်ရွက်တယ်။ ညနေ (၄) နာရီအချိန်လောက်မှ ရထားလမ်းတွေ ပြန်ပွင့်သွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုကဲ့သို့ ရထားလမ်းအား ဒေသန္တရလက်လုပ်မိုင်းထောင်းထားသည့် ဖြစ်စဉ်ကြောင့် အမှတ် (၈၁) အဆန် ရန်ကုန် – မော်လမြိုင်အမြန်ရထားမှာ ဘီးလင်းမြို့နယ်ရှိ နှင်းပုလဲဘူတာတွေ ရပ်တန့်ထားရပြီး၊ မိုင်းရှင်းလင်းရေးဆောင်ရွက်ပြီးချိန် ညနေ (၄) နာရီအချိန်မှသာ မော်လမြိုင်ဘူတာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင် ရထားလမ်းပို်ငးအတွင်း လူစီးရထားနှင့် ကုန်ရထားများ မကြာခဏ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံရခြင်း၊ ရထားလမ်း နှင့် ပေါင်းကူးတံတားများ မိုင်းထောင်ဖောက်ခွဲခံရခြင်းများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့ ည (၉) နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန် – မော်လမြိုင်ရထားလမ်း မိုင်တိုင်အမှတ် (၁၂၄/၉) နှင့် (၁၂၄/၁၀) ကြားရှိ ရထားတံတားအမှတ် (၇၈) ပေါ်တွင် ရထားသံလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မေလ (၂၁) ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရထားလမ်းတလျှောက် နယ်မြေရှင်းလင်းမှုများလုပ်ဆောင်ခဲ့ရာ ရထားသံလမ်းပေါ်တွင် ထောင်ထားသည့် လက်လုပ်မိုင်း (၂) လုံး နှင့်အတူ အရှည် (၁၅) ပေခန့်ရှိ ဝါယာကြိုးအဝါရောင်နှင့် နီ/မဲ နှစ်ပင်လိမ်ကြိုးများ သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာက လက်လုပ်မိုင်းအား အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။