အ.ထ.က (၁) (ထားဝယ်) သို့ ကျောင်းသားများလာပို့စဥ် ယမန်နေ့ နံနက်ပိုင်းက ကျောင်းကားတစ်စီးအား ရပ်မပေးဟုဆိုကာ လက်နက်ကိုင်များပစ်ခတ်သောကြောင့် ကျောင်းသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ကျောင်းသား/သူ (၇) ဦး နှင့်အတူ ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသော ကျောင်းကားတစ်စီးမှာ လောင်းလုံး – ထားဝယ် ကားလမ်းအတိုင်းမောင်းနှင်လာစဉ် လောင်းလုံးမြို့နယ် ၊ သဗျာကျေးရွာအုပ်စု၊ ပဥ္စသိမော်ကျေးရွာအနီးတွင် ရပ်မပေးဟုဆိုကာ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကို ခံရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကိုင်တွေက ကားကို တားဆီးတာကို ယာဉ်မောင်းက မသိလိုက်လို့ မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ပစ်ခတ်လိုက်တာလို့ ဆိုတယ်။ အဲ့ဒီလို ပစ်ခတ်လိုက်တဲ့အတွက် ကျောင်းကားနောက်ခန်းမှာလိုက်ပါလာတဲ့ အ.ထ.က (၁) (ထားဝယ်) က Grade – 7 ကျောင်းသား အသက် (၁၄) နှစ်အရွယ် မောင်သက်ပိုင်မျိုး ရဲ့ ဘယ်ဘက်တင်ပါးမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပါတယ်၊ ခွဲစိတ်ကုသမှုတွေ လုပ်ရမယ်” ဟု ပြောကြားသည်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ မောင်သက်ပိုင်မျိုး အား ဒေသခံများက သုံးဘီးယာဉ်ဖြင့် ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သို့သော် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရပေ။