ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးတဝိုက်ရှိ ဝါးဒက်ကွင်း နှင့် မုက္ခမော့ကျေးရွာများအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် – ၃၁၀ အမြောက်တပ်အား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က စစ်ကောင်စီတပ်ဘက်မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်လို့ ဇွန်လ (၂) ရက်နေ့က ဝါးဒက်ကွင်းရွာက အသက် (၂၀) နှစ်ဝန်းကျင် လူငယ် (၂) ဦးနဲ့ ဇွန်လ (၃) ရက်နေ့မှာ မုက္ခမော့ကျေးရွာက အသက် (၃၀) နှစ်အရွယ် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲ့ဒီအမျိုးသမီးက ကိုယ်ဝန်ဆောင်အမျိုးသမီးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည့် ဒေသခံပြည်သူ (၃) ဦးအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သိမ်ဇရပ်မြို့ရှိ တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ၎င်းဒေသခံက ဆိုသည်။
တိုက်ပွဲများမရှိသော်လည်း သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှာ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့ရောညပါ ပစ်ခတ်နေမှုများလုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ထို အမှတ် – ၃၁၀ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ကွင်း၊ သုံးခွ၊ ခရွဲ၊ ဝါးဒက်ကွင်း နှင့် မုက္ခမော့ အစရှိသောကျေးရွာများအတွင်းနေ ဒေသခံအရပ်သားပြည်သူများမှာ ဗုံးခိုကျင်းများအတွင်း ပုန်းခိုနေရသည့်အပြင်၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၆) ရက်နေ့ကလည်း အဆိုပါ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇီးပြောင်း (၁) ကျေးရွာနေ အသက် (၄၅) နှစ်အရွယ် ဦးသန်းအောင်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ရသေးကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားသည်။