အယ်ဒီတာ့အာဘော်
မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို အရပ်သားနေရာများကို ပစ်မှတ်ထားခြင်းမှ အထူးရှောင်ရှား၍ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကြပါရန် အနူးအညွတ်မေတ္တာရပ်ခံလိုသည်မှာ လူနေရပ်ကွက်များသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ခြင်း၊ မြေမြှုပ်မိုင်းများ ချခြင်း သို့မဟုတ် လက်နက်ငယ်များဖြင့် အရပ်သားများကို သတ်ဖြတ်ခြင်းကဲ့သို့ လုပ်ရပ်များသည် စစ်ရာဇ၀တ်မှုမြောက်သဖြင့် ရှောင်ကြဥင်ရပါမည်။
လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားများကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း ဂျနီဗာသဘောတူညီချက်များက သတ်မှတ်ထားချက်များနှင့်အညီ စစ်ပွဲများတွင်ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အားလုံးသည် အဆိုပါကျင့်ဝတ်မူများကို လိုက်နာရမည်ဖြစ်သည်။
ယခုအခါ လူနေရပ်ကွက်ထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ချ ပေါက်ကွဲစေသည့်ဖြစ်စဥ်များ နိုင်ငံအနှံ့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ကို သတင်းများတွင်တွေ့ရသည်။ တာဝန်ခံမှုမရှိဘဲ သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် သက်ဆိုင်သည့်အဖွဲ့အစည်းကို ပြည်သူများအော့နှလုံးနာလျက် ပြောဆိုကြသည်။
အရပ်သားများကို ပစ်မှတ်ထားခြင်းသည် ကျွန်ုပ်တို့၏ လူသားဆန်မှုကို ပျက်ပြားစေပြီး စစ်ရေးလှုပ်ရှားမှုတစ်ခု၏ အောင်မြင်မှုကို ရန်သူ့သေဆုံးမှုနှင့် တိုင်းတာခြင်းမဟုတ်ဘဲ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံအဆောက်အအုံများကို ထိန်းသိမ်းထားခြင်းဖြင့် တိုင်းတာသင့်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကိုလိုက်နာ၍ ပဋိပက္ခများတွင် အရပ်သားများ၏ ဘေးကင်းရေးကို ဦးစားပေးပြီး အပြစ်မဲ့အသက်များကို တမင်ပစ်မှတ်ထားခြင်းကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာရန် အစိုးရတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များတွင် တာဝန်ရှိပါကြောင်း တိုက်တွန်းလိုသည်။