ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာရှိ ရော်ဘာခြံအတွင်းတွင် ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့ညပိုင်းအချိန်က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် ကျုံလောင်းရွာဟောင်းကျေးရွာနေ ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးကုလား ပွဲချင်းပြီးသေဆုံး၍ ၎င်း၏အဖေါ်အမျိုးသားတစ်ဦးက ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကိုဖိုးကုလားကတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ သူရဲ့အဖေါ်ဖြစ်သူကတော့ ဒဏ်ရာပြင်းပြင်ထန်ထန်ရသွားတယ်။ အခင်းဖြစ်တဲ့အချိန်က ညပိုင်းဆိုတော့ လူနာတင်ယာဉ်တွေဘာတွေ ခေါ်ဖို့ကအဆင်မပြေဘူး။ ဆေးရုံကို မနက်အစောပိုင်းမှ ပို့လိုက်နိုင်တယ်” ဟု ၎င်းဒေသခံက ပြောသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူများမှာ သာမန်အရပ်သားပြည်သူများသာဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ ၎င်းတို့အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်လေးဇော် (ခ) ဦးဇော်လေး မှာလည်း သေနတ်သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။