တနသႅာရီတိုင်း ရေဖြူမြို့နယ်မှာ လှုပ်ရှားနေသည့် နိုင်မွန်ချမ်း ဦးစီးသော မွန်ငြိမ်းချမ်ရေးအဖွဲ့အား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) မှ ပြတ်သားစွာ အရေးယူခဲ့သည့်ကိစ္စတွင် အခြားသော မွန်ပါတီနှင့် မွန်လက်နက်ကိုင်အဖွဲ့များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ဆိုကြောင်း ကျေညာချက်အရ သိရသည်။
NMSP (AD) အနေဖြင့် ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းရေးအဖွဲ့ ပြည်သူ့စစ်ခေါင်းဆောင် နိုင်မွန်ချမ်းနှင့် နိုင်နှင်းတို့အား ဖမ်းဆီးအရေးယူခဲ့မှုတွင် အခြားသော တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ နိုင်မွန်ချမ်းနှင့် နိုင်နှင်းတို့ ညီအစ်ကိုယ်နှစ်ဦးမှာ ယခင်က ဓါးပြများဖြစ်ခဲ့ကြပြီး စစ်ကောင်စီထံ လက်နက်ချ၍ ပြည်သူ့စစ်ဖြစ်လာကြောင်း၊ ပြည်သူ့စစ်ဖြစ်လာသည့်အချိန်တွင် ကျေးရွာလူထုများအား အလွန်အမင်း နိုင်ထက်စီးနင်းပြုလုပ်နေသဖြင့် ဒေသခံများက NMSP (AD) ထံသို့ အကြိမ်ကြိမ် တိုင်ကြားလာခဲ့ကြောင်း၊ ထို့ကြောင့် ရန်သူ့ထောင့်တိုင်ဖြစ်သော နိုင်မွန်ချမ်းတို့အား ပြတ်သားစွာ အရေးယူခဲ့ရကြောင်း၊ နိုင်မွန်ချမ်းတို့ထံမှ လက်နက်တစ်လက်နှင့် စစ်ပစ္စည်းအသုံးအဆောင်များကိုလည်း သိမ်းဆည်းရမိကြောင်း၊ အဆိုပါ အရေးယူမှုတွင် အခြားသော မွန်ပါတီ မွန်တပ်ဖွဲ့များနှင့် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း NMSP (AD) ပြန်ကြားရေးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
NMSP (AD) ထိပ်ပိုင်းခေါင်းဆောင်များနှင့် မွန်ပါတီ မွန်တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်ရေးလှုပ်ရှားမှုများနှင့်ဆက်စပ်၍ ကနဦးဆက်သွယ်ဆွေးနွေးမှု ရှိလာခဲ့ကြောင်း၊ ရန်သူအား တိုက်ခိုက်ချေမှုန်းသွားရေးနှင့် မိမိအမျိုးသားလွတ်မြောက်ရေးအတွက် မွန်ပါတီ မွန်တပ်ဖွဲ့တို့အနေဖြင့် စစ်ရေးအရ ပူးတွဲလှုပ်ရှားလိုသည့်ဆန္ဒရှိပါက NMSP (AD) မှ တံခါးဖွင့်လှစ်ပေးထားကြောင်း အသိပေးလိုသည်ဟု NMSP (AD) က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP (AD) သည် သူ့သဘောသူဆောင်နေသောအဖွဲ့ဖြစ်ပြီး မိခင်ပါတီနှင့် ဆက်စပ်ပတ်သက်မှုမရှိဟု မွန်ပြည်သစ်ပါတီ (ဗဟို) က မေလ ၃၁ ရက်စွဲဖြင့် ကျေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့သည်။
ထို့အပြင် တနသႅာရီတိုင်း ရေဖြူဒေသရှိ စစ်ရေးလှုပ်ရှားကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြီးခဲ့သည့် မေလ (၃၀) ရက်က မွန်ဘာသာဖြင့် ကျေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယခုအခါ NMSP (AD) အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးနှင့် ရေဖြူဒေသတို့တွင် ဝင်ရောက်လှုပ်ရှားနေကြောင်း စုံစမ်းသိရှိရသည်။