အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပူးတွဲတည်ထောင်သူ နာယကကြီး သူရဦးတင်ဦး အသက် (၉၉) နှစ်သည် ယနေ့ဇွန်လ (၁) ရက်နေ့ မနက် (၈) နာရီ (၅၀) မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
သူရဦးတင်ဦးမှာ ယနေ့မနက်ပိုင်းအချိန်က ကွယ်လွန်သွားပြီးဖြစ်ကြောင်း နှင့် မြန်မာ့ဓလေ့အသုဘသထုံးစံအရ (၅) ရက်ထားရှိပြီး၊ လာမည့် ဇွန်လ (၅) ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် သင်္ဂြိုဟ်သွားရန် စီစဉ်ထားသည်ဟု သိရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
“ဘဘဦးတင်ဦးရဲ့ဈာပနကိစ္စအသေးစိတ်တော့မသိရသေးဘူး။ လာမယ့် ဇွန်လ (၅) ရက်နေ့မှာဘဲ သင်္ဂြိုဟ်သွားမယ်ဆိုတာကိုဘဲ သိရသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သူရဦးတင်ဦးမှာ လေတခြမ်းဖြတ်ထားသည့် ဝေဒနခံစားနေရပြီး လွန်ခဲ့သော ရက်ပိုင်းက ကျန်းမာရေးအခြေအနေဆိုးရွားလာသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင်တွင် အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသေးကြောင်း သိရသည်။
မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည့် သူရဦးတင်ဦးမှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အသက်အရွယ်ကြီးရင့်လာသည့်အချိန်အထိ မနားတမ်း အားထုတ်ကြိုးပမ်းလုပ်ဆောင်ခဲ့သည့်အတွက် အများ၏ လေးစားမှုကို ခံယူရရှိထားသူတစ်ဦးဖြစ်သည်။
သူရဦးတင်ဦးမှာ တပ်မတော်သားဘဝ၌ ပြည်ပမှကျူးကျော်လာသူ တရုတ်ဖြူများအား ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် တပ်မှူးတစ်ဦးဖြစ်ခဲ့ပြီး၊ (၁၉၇၄) ခုနှစ် မတ်လ (၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခံရကာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တာဝန်ခန့်အပ်ခြင်းခံခဲ့ရသည်။
ထို့အပြင် တိုက်ပွဲများတွင် ထူးချွန်ရဲ့ဝံ့စွာတိုက်ခိုက်ခဲ့သည့်အတွက် သူရဘွဲ့ကိုလည်း ချီးမြှင့်ခံခဲ့ရပြီး၊ သူရဦးတင်ဦးမှ (၁၉၇၆) ခုနှစ် မတ်လ (၆) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အနားယူခဲ့သည်။
(၁၉၈၈) ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်၊ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည့်တို့နှင့်အတူ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား စတင်တည်ထောင်သူများထဲတွင် ပါဝင်ခဲ့ပြီး၊ ပါတီဥက္ကဌတာဝန်ကို (၂) နှစ်တာရယူခဲ့ကာ ကွယ်လွန်ချိန်အထိ ပါတီနာယကအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
သူရဦးတင်ဦး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နှင့် သားတစ်ဦး၊ မြေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။