တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်းမှ CDM ကျောင်းဆရာမ (၂) ဦးမှာ ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့က ထောင်ဒဏ် (၁၀) နှစ်စီချမှတ်ခံခဲ့ရကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
CDM ကျောင်းဆရာမများဖြစ်ကြသည့် ဒေါ်သီတာဦး နှင့် ဒေါ်နီလာစန်း တို့ (၂) ဦးမှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားသည့် အွန်လိုင်းစာသင်ကျောင်းများတွင် စာသင်ကြားခြင်းနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် အမှုဖွင့်အရေးယူခံထားရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၂) ဦးအားထားဝယ်အကျဉ်းထောင်တွင် (၃) လကျော်ကြာထိန်းသိမ်းခဲ့ပြီးနောက် ယင်အကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ တို့အရ ထောင်ဒဏ် (၁၀) နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“သူတို့ (၂) ဦးလုံး အဖမ်းခံရပြီးတော့ ထားဝယ်အကျဉ်းထောင်မှာဘဲ ထိန်းသိမ်းခံရတယ်။ ပြီးတော့ ထားဝယ်အကျဉ်းထောင်မှာရှိတဲ့ အထူးတရားရုံးကနေဘဲ ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။ အခုသူတို့ (၂) ဦးလုံး ထားဝယ်အကျဉ်းထောင်မှာဘဲ အကျဉ်းကျခံနေရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၇) ရက်နေ့ကလည်း ရေမြို့နယ် ကံပေါက်ဒေသမှ CDM ကျောင်းဆရာမများဖြစ်ကြသည့် ဒေါ်သက်သက်မော် နှင့် ဒေါ်ယဉ်ယဉ်အေး တို့ (၂) ဦးကိုလည်း ရေဖြူမြို့နယ်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ အရ ထောင်ဒဏ် (၄) နှစ်စီချမှတ်ခဲ့သေးကြောင်း သိရသည်။