မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ် ယာယီဘေလီတံတားထိုးသည့် လုပ်ငန်းပြီးစီးသွား၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ကျုံအိတ်တံတားပေါ်ယာယီဘေလီတံတားအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှဆောင်ရွက်ခဲ့ရာမှ ယမန်နေ့ မေလ (၂၈) ရက်နေ့တွင် လုပ်ငန်းများပြီးစီးသွား၍ မော်တော်ယာဉ်များ စမ်းသပ်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက် ယနေ့ မေလ (၂၉) ရက်နေ့တွင် ယင်းယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုလိုက်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ကျုံအိတ်တံတားအပြင်ကို မစောတံတားကိုလည်း ယာယီဘေလီတံတားမယ့် လုပ်ငန်းတွေ လုပ်ဆောင်နေပြီးလို့ သိရတယ်။ ကျုံအိတ်တံတားပေါ် ဘေလီတံတားထိုးပြီးသွားပေမယ့် နှစ်ဖက်စောင့်ဆိုင်းနေကြရတဲ့ ကားတွေက ထောင်နဲ့ချီပြီးတော့ ရှိနေတော့ ကားလမ်းပိတ်ဆို့မှုတွေက ဆက်ဖြစ်နေတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်ဆီးခဲ့သည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားဘေးတွင် ယာယီမြေသားရှောင်ကွင်းလမ်းပြုလုပ်နေစဉ် မေလ (၁၃) ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည့်အပြင်၊ မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အတွင်းတွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်ကလည်း အဆိုပါ ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ပထမအကြိမ်အဖြစ် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် (၈) ကြိမ်ထက်မနည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရသော်လည်း (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၆) ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။