မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားဘေးရှိ ယာယီမြေသားလမ်းတွင် ယနေ့ မေလ (၂၈) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က ကုန်တင်ယာဉ်တစ်စီးနစ်နေသည့်အတွက် ရန်ကုန် – မော်လမြိုင်ကားလမ်း လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ကားသမားများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ မစောတံတားဘေးရှိ ယာယီမြေသားလမ်းပေါ်မှ ကုန်တင်ကားဖြတ်သန်း မောင်းနှင်စဉ် မိုးရွာထားသည့်အတွက် မြေသားများကျွံဝင်နေသည့်အတွက်ကြောင့် ကုန်တင်ကားနစ်သွားကြောင်း နှင့် ယင်းအခြေအနေကြောင့် နှစ်ဖက်ကားများ ဖြတ်သန်းသွားလာ၍ မရတော့သည့်အခြေအနေမျိုးဖြစ်နေကြောင်း ကားသမားတစ်ဦးက ပြောကြားသည်။
“မစောတံတားပေါ်ကနေတော့ အိမ်စီးကားလေးတွေဖြတ်နေကြပေမယ် နှစ်ဖက် စောင့်နေကြတဲ့ကားက ရာနဲ့ချီပြီးရှိနေတယ်။ ယာယီမြေသားလမ်းကနေတော့ ကားတွေသွားမတော့ဘူး။ ကုန်ကားကိုဆွဲထုတ်နိုင်ဖို့ လုပ်နေကြတယ်။ မိုးကလည်းရွာနေတော့ အဆင်သိပ်မပြေဘူးဖြစ်နေတယ်” ဟု ၎င်းကားသမားက ဆက်လက်ပြောကြားသည်။
ထိုအခြေအနေကြောင့် ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ် နောင်ဘိုကျေးရွာမှစတင်ကာ မော်တော်ယာဉ်များ ရပ်စောင့်နေကြရသည့်အပြင်၊ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး မစောတံတားထိပ်မှ ဘီးလင်းမြို့အတွင်းထိ မော်တော်ယာဉ်များ ရပ်စောင့်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“လက်ရှိအခြေအနေက ရန်ကုန် – မော်လမြိုင်ကားလမ်းရော၊ ခရိုင်းချင်းဆက်လမ်းတွေမှာပါ ကားတွေက ပိတ်ဆို့နေတာလို့ သိရတယ်။ မိုးကလည်းရွာနေတော့ ကားသမားတွေရော၊ ခရီးသည်တွေပါအတော်ဒုက္ခရောက်နေကြတယ်။ ခရီးသွားတွေအနေနဲ့ လမ်းခရီးအခြေအနေစုံစမ်းပြီးမှ သွားလာကြဖို့ အကြံပြုလိုပါတယ်” ဟု သထုံဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
နောက်ဆက်တွဲသတင်းများအရ မစောတံတားဘေးရှိ ယာယီမြေသားလမ်းတွင် နစ်နေသည့် ကုန်တင်ယာဉ်အား ဆွဲထုတ်နိုင်ခဲ့ပြီး လမ်းအားပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် မော်တော်ယာဉ်များ ပြန်လည်သွားလာလျှက်ရှိပြီးဖြစ်ကြောင်း သိရသည်။
မစောတံတားတွင် မေလ (၂၅) ရက်နေ့က မိုင်းခွဲခံရစဉ် မပျက်ဆီးဘဲကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းပေါ်မှ အိမ်စီးကားငယ်များသွားလာခွင့်ပြုခဲ့ပြီးနောက် မေလ (၂၇) ရက်နေ့တွင် မစောတံတားဘေးတွင် ယာယီမြေသားလမ်းပြုလုပ်ခဲ့ပြီးသည့်နောက် ကုန်တင်ကားများအပါအဝင် ကားများပြန်လည်ဖြတ်သန်းသွားလာခွင့်ရခဲ့ကြသော်လည်း မိုးရွာသွန်းမှုကြောင့် အဆိုပါ ယာယီမြေသားလမ်းပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက်ကြောင့် ကားများဖြတ်သန်း၍ မရဘဲ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ (၃) ပုံ (၂) ပုံမှာ ချောင်းအတွင်းကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၁) သေဆုံးကာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ထို့အတူ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမှာလည်း ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရသည့်အတွက်ကြောင့် လမ်းခရီးနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။