သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ယနေ့ မေလ (၂၇) ရက်နေ့၊ နံနက်အစောပိုင်းအချိန်က မိုင်းခွဲခံရပြီး ရုံးအဆောက်အဦးအပါအဝင် အနီးရှိ လူနေအိမ် (၂) လုံးတွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ယနေ့နံနက် (၄) နာရီဝန်းကျင်အချိန်ခန့်က ပေါက်ကွဲသံကြားရကြောင်း နှင့် ပေါက်ကွဲမှုမှာပြင်းထန်သည့်အတွက် မြေကြီးပါတုန်သွားကြောင်း သထုံမြို့ခံတစ်ဦးက ပြောကြားသည်။
“အုပ်ချုပ်ရေးမှူးရုံးကတော့ အဆောက်အဦးနံရံ၊ အမိုး၊ မျက်နှာကျက်တွေ ပျက်ဆီးသွားတယ်။ အဲ့ဒီအပြင်ကို ရုံးအရှေ့မှာရှိတဲ့ ဦးသန်းထွန်းလေး ရဲ့ (၂) ထပ်တိုက် အိမ်ရှေ့ပြတင်းတံခါးမှန်တွေ ပျက်ဆီးခဲ့သလို၊ ဦးသန်းလှိုင်ရဲ့နေအိမ်ရှေ့ ပြတင်းပေါက်မှန်တွေလည်း ပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုသို့ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ သထုံမြို့၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မည်သည့်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးပေ။
မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အတွင်း လတ်တလော မိုင်းထောင်ဖောက်ခွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့ နံနက်စောပိုင်းအချိန်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ် မစောတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးသည်။