ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် လက်ကိုင်ဖုန်းများနှင့် ကွန်ပြူတာဆက်စပ်ပစ္စည်းများအား မေလ (၂၇) ရက်နေ့ နံနက်အစောပိုင်းအချိန်က Sangkhlaburi ခရိုင်ရဲတပ်ဖွဲ့စခန်းမှ ဘုရားသုံးဆူ လုံခြုံရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ကုန်ပစ္စည်းများအား အကောက်ခွန် ရှောင်ကွင်းပြီး တရားမဝင် နယ်စပ်ဖြစ်ကျော်ကာ ပို့ဆောင်မှုများ ရှိနေကြောင်း သတင်းအရ အဆိုပါ Sangkhlaburi ခရိုင်ရဲတပ်ဖွဲ့စခန်း လုံခြုံရေးဂိတ်တွင် ပုဂ္ဂလိက ကုမ္ပဏီပိုင် ပါဆယ်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ Isuzu D – Max အမျိုးအစား အဖြူရောင်ကားတစ်စီးအား သယ်ယူပို့ဆောင်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်ကို မသိရသဖြေင့် စစ်ဆေးမေးမြန်းရာမှ ထိုပစ္စည်းများအား ထိုင်းနိုင်ငံအတွင်းရှိ အရောင်းဆိုင်မှ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပစ္စည်းလက်ခံမည့်သူမှာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နေ တရုတ်နိုင်ငံသားဖြစ်ကာ အမည်နာမမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့ဟုသာပါရှိကြောင်း သိရသည်။
ထိုပါဆယ်ပို့ဆောင်ရးဝန်ဆောင်မှုကားအား စစ်ဆေးခဲ့ရာ ကားပေါ်မှ Oppo အမျိုးအစား လက်ကိုင်ဖုန်း (၈၅) လုံး၊ Dell နှင့် Acer အမျိုးအစားကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများအပြင် နိုင်ငံခြားစီးကရက်များကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း Sangkhlaburi ခရိုင်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်များအရ သိရသည်။
၎င်းပစ္စည်းများမှာ အွန်လိုင်းကာစီနိုလောင်းကစားများနှင့် ပတ်သက်ဆက်နွယ်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ရန် အသုံးပြုသည့် ပစ္စည်းများမှ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည့်အပြင်၊ ၎င်းတို့အခြေစိုက်သည့်နေရာအား ပြောင်းရွေ့ရန်အတွက် ယင်းပစ္စည်းများကို ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီမှတဆင့် ပြောင်းရွှေ့လာခြင်းဖြစ်နိုင်ကြောင်း Sangkhlaburi ရဲစခန်းမှ တာဝန်ရှိသူက မှတ်ချက်ပေးပြောကြားသည်။
အဆိုပါ ကုန်ပစ္စည်းအား အရောင်းဆိုင်မှ ပေးပို့သူများနှင့် ပတ်သတ်ဆက်နွယ် မှုရှိနေသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆိုသည်။