မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားပေါ်မှ မကျိုးဘဲ ကျန်ခဲ့သော တံတားတစ်ခြမ်းမှ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ပြုပြင်မှုများလုပ်ဆောင်နေပြီး ပြုပြင်ပြိးပါက မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မစောတံတားဝန်းကျင်အား ယနေ့နံနက်အစောပိုင်းအချိန်က စစ်ကေင်စီတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးများလုပ်ဆောင်ခဲ့ပြီးသည့်နောက် မကျိုးဘဲ ကျန်ခဲ့သော တံတားတစ်ခြမ်းအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေကြောင်း ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မစောတံတားပေါ်ကနေ မော်တော်ယာဉ်ငယ်တွေ ယာယီသွားလာလို့ရအောင်လို့ ပြုပြင်မှုတွေလုပ်ဆောင်နေပါပြီး။ ပြီးသွားရင်တော့ ယာဉ်ငယ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မစောတံတားအား ပြန်လည်ပြုပြင်မှုများလုပ်ဆောင်ရန်အတွက် ယမန်နေ့က တာဝန်ရှိသူများလာရောက်စစ်ဆေးစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ကားလမ်းအဆက်အသွယ်ပြန်လည်ပြတ်တောက်သွားခဲ့ကြောင်း နှင့် မိုင်းခွဲဖျက်ဆီးခံထားရသည့် ချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၁) သေဆုံးကာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ တံတား၏ (၃) ပုံ (၂) ပုံမှာ မိုင်းပေါက်ကွဲစဥ်က ချောင်းအတွင်းကျိုးကျပျက်ဆီးခဲ့ကြောင်း သိရသည်။