၂၀၂၄ ခုနှစ်အတွင်း ကျိုက်ထိုမြို့နယ်၌ ဒုတိယမြောက် ကိုဗစ်ကူးစက်ခံရသူ အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယနေ့ မေလ (၂၄) ရက်နေ့က ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်မှ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
” ကိုဗစ်အတည်ပြုလူနာမှာက ထူးခြားတဲ့ရောဂါလက္ခဏာ မတွေ့ရှိရပေမယ့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိပြီးတော့ စောင့်ကြည့်ကုသမှုပေးနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ၎င်းအမျိုးသားနှင့် ထိတွေ့သူများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီးရောဂါပိုးကူးစက်ခံရခြင်းမရှိကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့က ကျိုက်ထိုမြို့နယ်တွင် အသက် ၆၇ အရွယ် အမျိုးသမီးတစ်ဦးတွင် ပထမဆုံး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သောကြောင့် သီးသန့်စောင့်ကြည့်ကာ ဆေးကုသပေးခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် ကိုဗစ်ရောဂါပျောက်ကင်း သက်သာပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။