မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ယနေ့ မနက်ပိုင်းအချိန်က သေနတ်နှင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှ သိရသည်။
ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ ကြံ့ခိုင်ရေးပါတီဝင် ဦးသက်လွင်ဦး ဆိုသူမှာ ဇုတ်သုတ်ကျေးရွာ လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်နေစဉ် အမည်မသိ သေနတ်သမားနှစ်ဥိး ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး သေနတ်နှင့် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“ဦးသက်လွင်ဦးက အခင်းဖြစ်တဲ့ နေရာမှာဘဲ သေဆုံးခဲ့ပါတယ်။ ရုပ်အလောင်းကိုတော့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ဦးသက်လွင်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ၎င်းဒသခံက ဆိုသည်။
“အရင်ကတော့ သေနတ်နဲ့ ပစ်သတ်မှုတွေဖြစ်ပြီးသွားရင် ဘယ်အဖွဲ့ကဖြင့် ဘယ်သူက ဘာမို့လို့ ပစ်သတ်လိုက်တယ်ဆိုပြီး ကြေညာချက်တွေထုတ်ခဲ့တယ်။ နောက်ပိုင်းတော့ အဲ့လိုကြေညာချက်တွေ ထုတ်တာမျိုး မတွေ့တော့ဘူး။ ပြီးခဲ့တဲ့ စစ်သုံးဆီဆိုင်ပိုင်ရှင် နှစ်ဦးကိုလည်း ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိကြရသေးဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အလားတူ ယမန်နေ့ မေလ (၂၂) ရက်၊ မွန်းလွဲပိုင်းအချိန်ကလည်း ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးအုန်းမြင့်ဆိုသူမှာလည်း သေနတ်နှင့် ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။