ယမန်နေ့ မေလ (၂၂) ရက် မွန်းလွဲပိုင်းအချိန်က ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ရေတံခါး (၁) လမ်းနေ ရာအိမ်မှူး ဦးအုန်းမြင့် ဆိုသူ သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
“မနေ့ နေ့လည် (၂) နာရီအချိန်လောက်မှာ ဦးအုန်းမြင့်က သီတာလမ်းမှာရှိတဲ့ 7Mark လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့အချိန်မှာ သေနတ်သမား နှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီးတော့ ပစ်ခတ်သွားတာလို့ သိရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။
သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည့် ဦးအုန်မြင့်တွင် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာပါး ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်လက်ဖျံကျည်ဖောက်ဝင် ဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက် ဝဲဘက်ဘေး ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာပုခုံးကျည် ဖောက်ဝင်ဒဏ်ရာ (၂) ချက် တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးအုန်းမြင့် အား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် သေနတ်နှင့် ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် (၂) ဦးအား အမည်မသိသေနတ်များက သေနတ်ဖြင့် ပစ်သတ်ခဲ့သေးကြောင်း သိရသည်။