ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မှာ ယနေ့နံနက်အစောပိုင်းအချိန်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ကားလမ်းအဆက်အသွယ် ပြန်လည်ပြတ်တောက်သွားခဲ့ပြီး၊ မိုင်းခွဲဖျက်ဆီးခံထားရသည့် ချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၁) သေဆုံးကာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
“မစောတံတားကျိုးပျက်နေသည့်ကို မသိရှိဘဲ သထုံမြို့ဘက်ကနေ ဘီးလင်းမြို့ဘက်ကို လာတဲ့ဆိုင်ကယ် (၃) စီး ချောင်းအတွင်းကျပြုတ်ကျခဲ့တယ်၊ သေဆုံးသွားတဲ့ အမျိုးသား (၁) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိထားကြတဲ့ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသခေါ် မစောတံတား အား KNU/KNLA/PDF ပူးပေါင်းအဖွဲ့များကယနေ့ နံနက် (၄) နာရီ (၄၅) မိနစ်အချိန်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက“တံတားရဲ့ (၃) ပုံ (၂) ပုံ က ချောင်းထဲကျိုးကျသွားတယ်။ ကျန်နေတဲ့အပိုင်းကလည်း ကားတွေသွားလာဖို့က မလွယ်တော့ဘူး။ ကားလမ်းအဆက်အသွယ် ပြန်ပြတ်သွားတဲ့ သဘောပါဘဲ” ဟု ဆိုသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် မွန်၊ ကရင်၊ တနင်္သာရီ ဘက်မှ ရန်ကုန် ဘက်သို့ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု ပြန်လည်ပြတ်တောက်သွားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့နံနက်စောပိုင်းအချိန်က မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် (၁၂) ရက်အကြာ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ၊ တောင်ကလေးကျေးရွာအထွက် ရန်ကုန် -မော်လမြိုင်ကားလမ်းမပေါ်ရှိ ဒေသအခေါ် မစောတံတား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။