(၂၀၂၄) ခုနှစ်အတွင်း ပထမဆုံး ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးမှာ ရောဂါသက်သာ ပျောက်ကင်းနေပြီဖြစ်သောကြောင့် ယနေ့ မေလ (၂၂) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးကျေးရွာနေ အသက် (၆၇) အရွယ် အမျိုးသမီးတစ်ဦးရုတ်တရက်အသက်ရူကြပ်ပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ရောက်လာခဲ့ရာမှ ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ခဲ့ခြင်း ဖြစ်သည်။
၎င်းအား သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ ကိုဗစ်သီးသန့်ဆောင်တွင် ဆေးရုံတက်ရောက်နေစဉ်အတွင်း အောက်ဆီဂျင်ကျပြီး ခဏခဏမောနေသောကြောင့် အောက်ဆီဂျင် မပြတ်ပေးထားရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံထားခြင်း မရှိသော်လည်း ရောဂါအခံ မရှိသူဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆိုသည်။