ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာခြင်းနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိတ်ထားရဆဲ ဖြစ်သည့်အခြေအနေများကြောင့် နယ်စပ်ကုန်သည်တချို့ ကုန်သွယ်မှုရပ်ဆိုင်းထားရကြောင်း မြဝတီမြို့ရှိ နယ်စပ်ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။
တိုက်ပွဲများကြောင့် မြဝတီ – ကော့ကရိတ်အာရှလမ်းပိတ်ထားရဆဲအခြေအနေတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ထိုင်းဘတ်ငွေဈေးနှုန်းပါ တရှိန်ထိုးမြင့်တက်လာသည့်အတွက် နယ်စပ်ကုန်သည်များနှင့် လုပ်ငန်းရှင်အများအပြား ကုန်သွယ်ရးလုပ်ငန်းများရပ်ဆိုင်းကာ အခြေအနေစောင့်ကြည့်နေကြရကြောင်း မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောကြားသည်။
၎င်းက “မဝယ်မဖြစ်တဲ့ စားသောက်ကုန်တွင်၊ လူ့အသုံးအဆောင်ပစ္စည်းတွေကတော့ ထို့ကော်ကိုးလမ်းကြောင်းကနေတဆင့် တင်သွင်းနေကြရတာမျိုးတော့ရှိတယ်။ ဒါပေမယ့် လတ်တလောမှာ ဒေါ်လာဈေးရော ထိုင်းဘတ်ငွေဈေးပါ မြင့်တက်နေတော့ ပစ္စည်းဈေးနှုန်းတွေ အကုန်တက်ကုန်တယ်။ အဲ့ဒီတော့ အခက်အခဲတွေအများကြီးနဲ့ ကြုံတွေ့ရတယ်” ဟု ပြောကြားသည်။
မြဝတီမြို့ရှိ နယ်စပ်ငွေကြေးလဲလှယ်သည့်ဈေးကွက်အတွင်း ယမန်နှစ်က ထိုင်းဘတ်ငွေဈေးမှာ မြန်မာကျပ်ငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ်ငွေ (၂၀၀၀) ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ် မေလ (၂၀) ရက်နေ့က မြန်မာကျပ်ငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ်ငွေ (၉၁၀) ဝန်းကျင်သာရှိတော့ကြောင်းနှင့် ထိုင်းဘတ်ငွေဈေး နှစ်ဆကျော်မြင့်တက်သွားကြောင်း ၎င်းကုန်သည်က ဆိုသည်။
ထိုင်းဘတ်ငွေဈေးမြင့်တက်သွားမှုနှင့်အတူ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်းကြောင့် မြန်မာကျပ်ငွေလက်ဝယ်ထားရှိသူများအတွက် အရှုံးနှင့် ရင်ဆိုင်နေကြရကြောင်း မြဝတီမြို့ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် မြဝတီမြို့ရှိ ဈေးကွက်များအတွင်း ထိုင်းနိုင်ငံဘက်မှ ဝယ်ယူရောင်းချနေကြရသည့် အခြေခံစားသောက်ကုန်များ နှင့် လူသုံးကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေကြောင်းလည်း မြဝတီမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။