မေလ ၁၇ နှင့် ၁၈ ရက်နေ့များအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သထုံ နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကလေးငယ် (၂) ဦးအပါအဝင်အရပ်သားပြည်သူ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ်ရှိသံတံတား စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ – ၈ တပ်ရင်းတပ်ဖွဲ့များနှင့် သထုံမြို့နယ် သိမ်ဆိပ်တိုက်နယ် ဝင်းပကျေးရွာအခြေစိက် အခြေလျင်တပ်ရင်း ခမရ – ၉ တပ်ရင်းတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဖိုးဝါးသိမ်ကျေးရွာ နှင့် သုံးအိမ်စုကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် (၈) လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၄) နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် (၁၄) နှစ်အရွယ် စောထူးကပေါ် နှင့် အသက် (၄၂) နှစ်အရွယ် စောပဲဖိုး၊ အသက် (၃၅) နှစ်အရွယ် နော်အိဖြူ (၄) ဦးမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ ဖေါ်ပြချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စောအပေ၊ ဖားမီး၊ နော်အိဖြူ တို၏ နေအိမ်များနှင့် နော်အိဖြူ ပိုင်ဆိုင်သည့် သုံးဘီးဆိုင်ကယ် (၁) စီးလည်း ထိခိုက်ပျက်ဆီးခဲ့သည့်အပြင်၊ ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) က ဆိုထားသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့နံနက်အစောပိုင်းအချိန်က ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးသည့်နောက်ပိုင်း စစ်ကောင်စီ၏ သထုံ၊ ဘီးလင်း အခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့များက ကျုံအိတ်တံတားအနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုအခြေအနေကြောင့် မေလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့တွင်း စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကေအဲန်ယူ – သထုံမြို့နယ် ဝီယော်၊ ရွှေရောင်ပြ၊ ကဒီပု၊ ဒေါက်ရပ်အစရှိသည့် ကျေးနယ်များရှိ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားပြည်သူ (၃) ဦး သေဆုံးကာ (၁၅) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသည့်အပြင် လူနေအိမ် (၂၃) လုံးလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။