မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) လှုပ်ရှားရာဒေသအတွင်း စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရန် ပြည်သူများအား ဖိအားပေးနေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စစ်သတင်းပေးနေသူများအား ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု NMSP (AD) ပြောကြားလိုက်သည်။
မေလ (၁၉) ရက်နေ့၊ နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့သည့် NMSP (AD) (၃) လပြည့် Online တွေ့ဆုံပွဲတစ်ခုတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ NMSP (AD) (၃) လပြည့် Online တွေ့ဆုံပွဲကို ဖိတ်ကြားထားသည့် ပြည်တွင်း၊ ပြည်ပရောက် မွန်အဖွဲ့အစည်း (၃၀) ဖွဲ့၊ ဖိတ်ကြားထိုက်သည့် ပုဂ္ဂိုလ်များနှင့် မွန်ရဟန်းတော်တချို့ အပါအဝင် (၆၀) ဦးကျော်တက်ရောက်ခဲ့ကြောင်း နှင့် NMSP (AD) မှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီမှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) နိုင်လယီကောင်း နှင့် ဗိုလ်မှူးချုပ် ဂျလွန်းထော တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
NMSP (AD) အနေဖြင့် (၃) လတာကာလအတွင်း နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုအခြေအနေများအား တက်ရောက်လာာသူများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး NMSP (AD) လှုပ်ရှားရာဒေသများအတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စိအား သတင်းပေးခြင်း၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို တစ်နည်းနည်းဖြင့် ဖိအားပေးခြင်းများ လုပ်ဆောင်ပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ်ကြောင်းလည်း NMSP (AD) က ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို NMSP (AD) မှ ပြန်လည်ဖြေကြားခြင်း၊ တက်ရောက်လာသူများထံမှ တော်လှန်ရေး၊ နိုင်ငံရေး နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပြန်လည်အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အနေဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ကလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ပြီး လက်ရှိ (၃) လပြည့်အနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။