UID စမတ်ကဒ်ပွဲစားတစ်ဦး၏ ဦးခေါင်းအား တရားမဝင်ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ထုရိုက်ခဲ့သည့်အတွက်ကြောင့်ဟုဆိုကာ မြဝတီမြို့နယ် လ.ဝ.က ဦးစီးမှူးအား စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့က မြဝတီမြို့နယ် လ.ဝ.က ဦးစီးမှူး ဖြစ်သူ ကျော်စိုးထွန်း အား တရာမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက “ဦးကျော်စိုးထွန်းက သူတရားမဝင်ကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ် ပွိုင့် ၃၈ နဲ့ သူနဲ့ပြဿနာ ဖြစ်တဲ့ စမတ်ကဒ် ပွဲစား တစ်ဦးရဲ့ ဦးခေါင်းအားထုရိုက်နှက်ခဲ့တယ်လို့ မြဝတီခရိုင် လ.ဝ.က ဦးစီးမှူးဖြစ်တဲ့ ဦးကျော်ကျော်သန်း က သတင်းပေးတိုင်ကြားခဲ့လို့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဖြစ်တယ်” ဟု ပြောကြားသည်။
ပစ္စတိုသေနတ်ဖြင့် ထုရိုက်ခံခဲ့ရသည့် စမတ်ကဒ်ပွဲစားတွင် ဦးခေါင်းကွဲဒဏ်ရာရရှိသွားခဲ့ ကြောင်းလည်း ၎င်းကဆိုသည်။
မြဝတီမြို့တွင် UID စမတ်ကဒ် ပြုလုပ် ပေးသည့်အစီအစဉ်အား ရွှေမြစန္ဒီစည်ပင်သာယာ ဌာနကွင်းအတွင်း နေရာပြောင်းလဲပြီး၊ မှတ်တမ်းရေးသွင်းစက် (၉) လုံးဖြင့် တစ်နေ့ လျှင် လူ (၃၀၀) နှုန်းဖြင့် လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေ (၁) ရက်နေ့မှ စတင်ကာ Unique Identification Number- UID ဟုခေါ်သည့် ဒီဂျစ်တယ်မှတ်ပုံတင် စမတ်ကဒ် ပါရှိမှသာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) တံတား (မြဝတီ – မဲဆောက် အမှတ် (၁) တံတား) ပေါ်မှ ဖြတ်သန်းသွားလာခွင့်ပြုသဖြင့် မဲဆောက်ဘက်သို့ သွားရောင်ကြမည့်သူများအနေဖြင့် UID စမတ်ကဒ် အားမဖြစ်မနေ ပြုလုပ်နေကြရကြောင်း နှင့် UID စမတ်ကဒ်ပြုလုပ်သူ များပြားသဖြင့် ပွဲစားများမှတဆင့် လုပ်ဆောင်ကြသူများလည်းရှိကြောင်း သိရသည်။