မွန်ညီညွတ်ရေးပါတီ MUP ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ နိုင်ငံရေးပါတီတည်ထောင့်ခွင့် ငြင်းပယ်တော့မည်ကို သတင်းအချက်များက အထင်အရှားပြသလာနေပြီဖြစ်သည်။
ပြက္ခဒိန်ကျဆိုလျင် ပြီးခဲ့သည့်မေလ ၇ ရက်နေ့က ဒီမိုကရေစီပါတီနှင့် မေလ ၁၄ ရက်နေ့က ချင်းပြည်သူ့ပါတီတို့ကို ပါတီတည်ထောင်ခွင့် ငြင်းပယ်သည့် ကျေညာချက်ထွက်လာခဲ့ပြီးနောက် နောက်ဆုံးငြင်းပယ်ရန် တခုတည်းသော ကျန်ရှိနေသည့်ပါတီမှာ မွန်ညီညွတ်ရေးပါတီ MUP ၏ အလှည့်ပင် ဖြစ်သည်။
မည်သည့်အချိန်အခါတွင် ကျင်းပမည်ကိုမသိနိုင်သော ရွေးကောက်ပွဲအသစ်မှာ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီအားလုံး အနေဖြင့် ၂၀၂၃ ဇန်နဝါရီ ၂၆ ရက်နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်အသစ် ပြန်တင်ဖို့ UEC က တင်းကြပ်ထားခဲ့ပါသည်။
မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် ၂၀၂၃ နှစ် မတ် ၁၅ ရက်ကတည်းပင် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ကျလေနိုးနိုးဖြင့် ယနေ့အထိတိုင် မျှော်လင့်နေခဲ့သေးသည်။ မကြာမီက ဖွဲ့စည်းခဲ့သော ကရင်ပြည်နယ် မွန်ညီညွတ်ရေးပါတီ တဖြစ်လဲ မွန်တိုးတက်ရေးပါတီသည်လျှင်ပင် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ကျလာခဲ့ပြီးဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်မှ အာဏာစသိမ်းကတည်းက စစ်ကောင်စီနှင့် အလွမ်းသင့်လာခဲ့သော မွန်ညီညွတ်ရေးပါတီအား မည်သည့်အကြောင်းကြောင့် မှတ်ပုံတင်မချပေးသည်ကို မသိရပေ။ UEC သာ အသိဆုံးဖြစ်ပါလိမ့်မည်။
၂၀၂၃ မတ်လ ၂၈ ရက်တွင် UEC က ကျေညာခဲ့သော မှတ်ပုံပြန်မတင်ကြသည့် ပါတီ ၄ဝ ဖျက်သိမ်းသည့် အထဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ပါဝင်ခဲ့သည်။ မကြာမီတွင် MUP သည်လည်း အလားတူပါတီများကဲ့သို့ ဘဝတူပါတီများ ဖြစ်သွားပေလိမ့်မည်။
မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်ရပ်ဆိုးများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က တတိယအကြိမ်ဖြစ်ပေါ်လာသော စစ်တပ်မှအာဏာသိမ်းမှုသည် မိမိတို့ဖြတ်သန်းခဲ့သော နိုင်ငံရေးအတွေ့အကြုံများအရ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက အသက်သွေးချောင်းစီးမည့် ဖြစ်ရပ်များ ရှိလာနိုင်သောကြောင့် စစ်ကောင်စီအဖွဲ့တွင် ပါဝင်ခြင်းအားဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည့်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ခဲ့ရသည်ဟု မကွယ်လွန်ခင်က MUP ဥက္ကဌ နိုင်တင်အောင်၏ ပါတီ၏ မိန့်ခွန်းများတွင် တွေ့ခဲ့ရသည်။
စစ်အာဏာရှင်တို့၏ ရက်စက်မှုအပေါင်းကို နိုင်တင်အောင်ကိုယ်တိုင် အတိတ်သမိုင်းတွင် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသလို မိမိပါတီဝင်များနှင့် မွန်အမျိုးသားအပေါင်းတို့ကို ထပ်မံမခံစား မကြုံတွေ့ရလေအောင် သွေးချောင်းစီးမည့် နိုင်ငံရေးလမ်းစဥ်ကို ရှောင်ဖယ်ခဲ့ဟန်တူသည်ဟု ယူဆရသည်။
ထိုကြောင့် MUP က စစ်ကောင်စီကို ထောက်ခံပြီး နိုင်ငံတော်အဆင့်တွင် ဒေါက်တာဗညားအောင်မိုးနှင့် ပြည်နယ်အဆင့်၌ နိုင်လယီတမတို့ကို စစ်ကောင်စီအဖွဲ့ထဲပါဝင်သွားရန် ရွေးချယ်စေလွှတ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဥ်များနှင့် မွန်တို့၏ အတိတ်နိုင်ငံရေးသမိုင်းကို ပြန်ဆန်းစစ်ကြည့်မည်ဆိုပါက အာဏာသိမ်းပြီးနောက်ပိုင်း မွန်နိုင်ငံရေးပါတီတို့ကို ဖျက်သိမ်းပစ်ခဲ့သည်မှာ တိုက်ဆိုင်မှုဖြစ်ရပ်များမဟုတ်တော့ဘဲ အစဥ်အလာကဲ့သို့ပင် ဖြစ်နေပါပြီ။
၁၉၆၂ ခုနှစ် မတ်လ (၂) နေက စစ်တပ်မှ ပထမအကြိမ်အာဏာသိမ်းပြီးနောက် ဧပြီလတွင် နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းသည့်အထဲ မွန်ပြည်သူ့တပ်ဦးပါတီလည်း နိဂုံးအဆုံးသပ်သွားခဲ့ရသည်။ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး၏ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် အသီးအပွင့်တို့သည် ပါလီမန်ဒီမိုကရေစီ လွှတ်တော်ထဲ၌ ၂ နှစ်မျှသာ ရှင်သန်ခွင့်ရခဲ့ပြီး အကုန်လုံးမှာသဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
ထိုပထမအကြိမ် စစ်အာဏာသိမ်းမှုတွင် ဒေါက်တာဗညားအောင်မိုး၏ တချိန်တခါက ယောက္ခမတော်စပ်ခဲ့သူ မွန်ပြည်သူ့တပ်ဦး ဥက္ကဌ၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်အောင်ထွန်းသည်လည်း အစိုးရအဖွဲ့ဝင်ဝန်ကြီး အားလုံးတို့နှင့်အတူ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရသည်။
တဆက်တည်းမှာပင် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် ဗမာစစ်တပ်တို့အကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့သူ
မွန်ပြည်သူ့တပ်ဦ ဗဟိုအလုပ်အမှုဆောင်ဝင်ဟောင်း နိုင်ဆိတ်နို့၊ နိုင်ထွန်းသိန်း၊ နိုင်ငွသိမ်း၊ နိုင်ဖိုးစိန်၊ နိုင်ကွန်ဗလိုင်၊ ဗိုလ်ကျောင်နှင့် တပ်ဦးလူငယ်ခေါင်းဆောင် မင်းတင်အောင် (MUP ဥက္ကဌ နိုင်တင်အောင်) တို့သည်လည်း နှစ်ရှည်ထောင်ဒဏ်များ ကျခံလိုက်ရသည်။
ယခင်မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏သားဖြစ်သူ MUP ဥက္ကဌ နိုင်တင်အောင်သည် လူငယ်ဘဝ အသက် ၂၆ နှစ်အရွယ်တွင် ထောင်ဒဏ် (၁၀) နှစ်နီးပါး ကျခံခဲ့ရသည်။ ထိုကြောင့် ထိုအဖြစ်ဆိုးများကို နောင်လာနောက်သားများ မကြုံတွေ့စေလိုသည့်သဘောရှိသည်ဟု ယူဆရသည်။
အလားတူ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်အာဏာသိမ်းမှုအပြီး ၁၉၉၂ ခုနှစ် မတ်လ (၁၉) ရက်နေ့မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည်လည်း တရားဝင်အဖြစ်မှအဖျက်သိမ်းခံလိုက်ရပြီး ဥက္ကဌ နိုင်ထွန်းသိန်း၊ ဒုဥက္ကဌ နိုင်ငွေသိမ်းနှင့် ရုံးအဖွဲ့မှူး မင်းဗလတို့ကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ဘူးသည့်ဖြစ်စဥ်များ ရှိခဲ့သည်။
ထိုကြောင့် ယခုတတိယအကြိမ်အာဏာသိမ်းပြီး မွန်အမျိုးသားတို့၏တခုတည်းသော နိုင်ငံရေးပါတီ MUP ကို စစ်ကောင်စီဖျက်သိမ်းမည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
မွန်ပြည်နယ်၏ လွှတ်တော်နိုင်ငံရေးလောကမှာ MUP ဆက်လက်တည်ရှိနေမည်ဆိုလျှင် အနာဂတ်တွင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲအောင်နိုင်ရေးက လွယ်ကူလိမ့်မည်ဟု မထင်ပေ။
ထိုကြောင့် အစိုးရအဆက်ဆက်တို့၏ ကျင့်သုံးမြဲဖြစ်သော မဲခိုးမဲလိမ်သည့်အစဥ်အလာအတိုင်း မဲကလိန်ကကျစ်ကျမှု အမျိုးမျိုးကြားထဲကပင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုမှ MUP အမတ်လောင်းများ ယှဥ်ပြိုင်အစွမ်းပြနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။
ထို့ကြောင့် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မွန်ညီညွတ်ရေးပါတီကို အနာဂတ်ရွေးကောက်ပွဲတွင် မည်သို့မှ မယှဥ်သာနိုင်မှန်း သိသာစေခဲ့သည်။
တဖက်မှာလည်း နိုင်ငံရေးသမားများအနေဖြင့် အသက်ကိုဖက်နှင့်ထုပ်ထားရသော ဤခေတ်စနစ်ဆိုးကြီးမှာ MUP ပါတီမှတ်ပုံတင်ခွင့်မရသည်က ဝမ်းသာစရာသတင်းစကားအဖြစ် စာရေးသူက ရှုမြင်ပါသည်။
လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ကိုယ်စားလှယ်လောင်း မသာချပွဲများဖြင့်ပင် အလွန်စည်ကား နေပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံရေးပါတီအဖြစ် MUP ပါဝင်ခွင့်မရလိုက်သည်က မွန်တိုင်းရင်းသားများအတွက် အလွန်ပင် ကံကောင်းလှပေ၏။
ထို့ကြောင့် ချုပ်၍ပြောလျှင် MUP ကို နိုင်ငံရေးပါတီအဖြစ်မှ စစ်ကောင်စီက နိဂုံးအဆုံးသပ်ပေးခြင်းသည် မွန်တမျိုးသားလုံးအတွက် ပီပြင်ပြတ်သားသော နိုင်ငံရေးလမ်းစဥ်တရပ်ကို အဆုံးအဖြတ်ပေးကြရတော့မည် ဖြစ်ပါကြောင်း……