KNU – ကရင်အမျိုးသားအစည်းအရုံး လှုပ်ရှားနယ်မြေ သထုံမြို့နယ်အတွင်းသို့ စစ်ကောင်စီလက်အောက်ခံ ခမရ – ၉ ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့ မွန်းလွဲ (၂) နာရီ (၄၀) မိနစ်အချိန်ခန့်က ခမရ – ၉ တပ်ရင်းမှ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ ရွှေရောင်ပြနှင့် မရမ်းကုန်းကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မရမ်းကုန်းကျေးရွာနေ ဦးဖိုးဒင်း၊ နော်နန္ဒာလှိုင်၊ ဒေါ်မစံ နှင့် ဒေါ်မိုးကြည် ဆိုသူတို့၏ နေအိမ် (၄) လုံးမှာ လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် ယင်းနေ့မှာပင် စစ်ကောင်စီလက်အောက် အမတ – ၃၁၄ တပ်၊ ခမရ – ၉ တပ်၊ ခမရ – ၉ လက်အောက်ခံ ဝီယော်စခန်း၊ ခလရ – ၈၊ ဘီးလင်းတိုးဂိတ်စခန်းတို့မှလည်း ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း KNU က ဆိုထားသည်။
ထိုသို့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများမှ အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်များ၊ အိမ်မွေးတရိစ္ဆာန်များ၊ နေအိမ်အဆောက်အဦးများ၊ ဒေသလုပ်ငန်းစိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုများရှိနေသည့်အပြင် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း ကေအဲန်ယူ မှ ထုတ်ပြန်ချက်များအရ သိရသည်။