မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားအား ယာယီလမ်းလွှဲ မြေသားဖို့မှု ပြီးစီးသွား၍ ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီးဟု ခရီးသွားပြည်သူများထံမှ သိရသည်။
ယမန်နေ့ မေလ (၁၆) ရက်နေ့ကတည်းက အဆိုပါ ကျုံအိတ်တံတား လမ်းလွှဲအားမြေသားဖို့မှုပြီးစီးခဲ့ပြီးနောက် မော်တော်ယာဉ်ငယ်များ စမ်းသပ်ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက်၊ ယနေ့ မေလ (၁၇) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ခရီးသည်တင်မှန်လုံယာဥ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများကိုလည်း စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း ခရီးသွားပြည်သူတစ်ဦးကပြောကြားသည်။
“ကားတွေကို ဟိုဘက်ဒီဘက်တစ်လှည့်စီပေးဖြတ်နေတယ်။ ကားလမ်းမပေါ်မှာတော့ နှစ်ဖက်ကားတွေအများကြီးစောင့်ဆိုင်းနေကြတာမျိုးတွေ့ခဲ့ရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့အဆင်း မော်တော်ယာဉ်များ ဘီးလင်းမြို့တွင် စောင့်ဆိုင်းနေကြရသလို၊ သထုံဘက်မှ ဘီးလင်းမြို့ဘက်သို့သွားရန်မော်တော်ယာဉ်အများအပြား စောင့်ဆိုင်းနေကြရကြောင်းလည်း ၎င်းကဆိုသည်။
ထို့အပြင် ကျေးရွာရှောင်ကွင်းလမ်းများအတွင်းတွင်လည်း ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်မှန်လုံယာဉ်ကြီးများအပါအဝင် မော်တော်ယာဉ်ရာနှင့်ချီကာ ပိတ်ဆို့မှုဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်စီးခဲ့သည်။