ရေးမြို့နယ် စုံနံ့သာကျေးရွာအနီး ရေး – သံဖြူဇရပ်ကားလမ်းပိုင်းတွင် ယနေ့ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်က ရေးဘီလူးအဖွဲ့မှ နယ်မြေစိုးမိုးမှုရယူကာ မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူအား ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
မိမိတို့ အဖွဲ့မှ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ယနေ့(မေလ (၁၄) ရက်) မနက်ပိုင်းက နယ်မြေစိုးမိုးမှုရယူကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီအချိန်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို ဖမ်းဆီးရမိခဲ့ပါတယ်။ သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီးရမိခဲ့တာပါ။ ဒီလမ်းမကြီးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွားလာနေတဲ့ လမ်းမကြီးဖြစ်ခုဖြစ်တယ်။ ကျနော်တို့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွားလာခဲ့လို့ရင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းဖို့ရှိသလို၊ ဒီလမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူတွေကြားထဲမှာ ရောယောင်ပြီးတော့သွားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးမှုအပိုင်းတွေလည်းလုပ်ဆောင်နေပါတယ်။ ဒီနေ့မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးရဲ့သားတစ်ဦးကိုသက်သေခံပစ္စည်းတွေနဲ့ တကွဖမ်းဆီးရမိနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ယနေ့မနက်ပိုင်းတွင် ပြည်ထောင်စုလမ်းမအား နယ်မြေစိုးမိုးမှုရယူပြီးနောက် ပြည်သူလူထုနှင့် တွေ့ဆုံကာ မိတ်ဆက်ခြင်း၊ အားပေးစကားပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ပြည်သူလူထုနှင့် နွေးနွေးထွေးထွေးရှိခဲ့ကြောင်းလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
“ဒီလို အမှတ်(၈) လမ်းမကြီးပေါ်တက်တဲ့အချိန်မှာ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြောင်းက စစ်တပ်ရဲ့ ခြေမြန်တပ်နဲ့ရော အမြောက်တပ်တွေနဲ့ပါ အရမ်းနီးကပ်တယ်။ ဒါပေမယ့်လည်း ဒီလမ်းမကြီးပေါ်မှာ ဒီနေ့မနက်ပိုင်းမှာ ထိန်းချုပ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏပစ်ခတ်ရှင်းလင်းများလုပ်ဆောင်လေ့ရှိသည့်အပြင် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများကိုလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။
အဆိုပါ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား အသုံးပြုသွားလာနေကြသည့် ပြည်သူလူထုများအနေဖြင့် ည (၆) နာရီနောက်ပိုင်းအချိန်တွင် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်၊ နေ့ဘက်သွားလနေကြသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ကားမှန်ချကာ မောင်းနှင်ပေးကြရန် နှင့် တော်လှန်ရေးအဖွဲ့များက စစ်ဆေးမှုများလုပ်ဆောင်သည်ကိုလည်း ကြည်ဖြူစွာစစ်ဆေးခံပေးကြရန် တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် မတ်လ (၃၁) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။