ကျုံအိတ်တံတားလမ်းလွှဲဖြစ်သော ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဘက်မှ သထုံမြို့နယ် မိုးကောင်းကျေးရွာအထိ မော်တော်ကားများ အနည်းဆုံး အချိန် (၃) နာရီမှ (၆) နာရီအထိ ကြာမြင့်တတ်ပြီး ရေနှင့် အစားအစာများ ယူဆောင်လာကြရန်နှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရသောကြောင့် အရေးကြီးကိစ္စမရှိပါက ခရီးသွားခြင်းမပြုလုပ်ကြရန် အကြံပြုလိုကြောင်းလည်း ခရီးသွားအချို့က ဆိုသည်။
ယမန်နေ့မေလ (၁၃) ရက်နေ့က အဆိုပါ ကျုံအိတ်တံတားဘေးတွင် လမ်းလွှဲပြုလုပ်ရန်အတွက် မြေကြီးတင်ဆောင်လာလည့် မော်တော်ယာဉ်များ မြေကြီးလာချစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည့်အတွက်ကြောင့် လမ်းလွှဲပြုလုပ်နေသည့်အဖွဲ့ ပြန်လာခဲ့ရသည်ဟု သထုံခရိုင်လမ်းဦးစီးဌာန နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၄င်းက “သူ့လုပ်ငန်းစဉ်အရ လမ်းလွှဲအရင်လုပ်မယ်။ ပြီးရင် မိုင်းခွဲခံရလို့ ပျက်ဆီးသွားတဲ့ တံတားအစိတ်အပိုင်းတွေကို ရှင်းလင်းပြီးတော့ ယာယီဘေလီတံတားပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် မနေ့(မေလ (၁၃) ရက်) က လမ်းလွှဲလုပ်နေတဲ့အဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ပြန်ဆုတ်လာကြတယ်လို့ သိရတယ်။ စစ်တပ်က လုံခြုံရေးမပေးနိုင်ရင်တော့ လမ်းလွှဲလုပ်ဖို့နဲ့ ယာယီဘေလီတံတားပြုလုပ်ဖို့က ကြန့်ကြာနေလိမ့်မယ်ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့ (မေလ-၁၃)က အဆိုပါ ကျေးရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ခရီးသွားပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
“ဘီးလင်း ရွှေရောင်ပြကျေးရွာဘက်ကနေ ရွာလမ်းထဲကိုဝင်လာလိုက်တာနဲ့ ပစ်ခတ်သံတွေကြားနေရတယ်။ တခြားလူတွေလည်း သွားလာနေကြတော့ ကိုယ်တွေလည်း ရှေ့တိုးသွားတယ်။ နောက်ပြန်ဆုတ်လို့တော့မရတော့ဘူး။ နောက်မှာလည်း ကားတွေကအများကြီးဘဲ။ လက်နက်ကြီးကျတဲ့အသံတွေကြားရတော့ ကားတွေရပ်၊ ကားပေါ်ကနေဆင်းပြီး လမ်းဘေးမှာ ဝပ်နေကြရသေးတယ်။ ပစ်ခတ်သံတွေရပ်သွားမှ ဆက်သွားရတယ်။ တော်တော်လေးကို ဒုက္ခရောက်ကြရတယ်” ဟု ၎င်းခရီးသည်က ဆက်ပြောသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်လည်း လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အပြင်၊ လက်နက်ကြီးများကျရောက်ပေါက်မှုများရှိနေသည့်အတွက်ကြောင့် အသက်နှင့် ရင်း၍ သွားလာနေကြရကြောင်းလည်း ကားသမားတစ်ဦးက ပြောသည်။
“ရွာလမ်းတွေမှာ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်လည်း ကားတွေကလည်းပိတ်တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လူတွေက ဘယ်ကို ပြေးလို့ပြေးရမှန်းမသိဖြစ်ကြရတယ်။ ဒီလမ်းခရီးလေးကို အသက်စွန့်ပြီး သွားလာနေကြရတဲ့ သဘောမျိုးဖြစ်နေတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးသည့်နောက် အဆိုပါကားလမ်းအား အသုံးပြုသွားလာနေကြသည့် ယာဉ်ငယ် နှင့် ယာဉ်ကြီးများအနေဖြင့် ကျေးရွာချင်းဆက်လမ်းများမှတဆင့် ရှောင်ကွင်းသွားလာနေကြရကြောင်း၊ ကျေးရွာချင်းဆက်လမ်းများမှာ ကျဉ်းပြီး၊ ယင်းလမ်းများအား အသုံးပြုသွားလာနေကြည့်ယာဉ်များပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့နေမှုများဖြစ်ပေါ်နေသည့်အပြင်၊ တိုက်ပွဲများလည်းဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ (၁၁) ရက် နံနက်အစောပိုင်းအချိန်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါပြိုကျပျက်စီးခဲ့သည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားဘေးတွင် ယမန်နေ့က ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသဖြင့် လမ်းလွှဲပြုလုပ်မည့်လုပ်ငန်းခွင်အား ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။