ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင်သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူရွာကို ရဟတ်ယာဥ်ဖြင့် ရောက်ရှိလာကြောင်း၊ ဘုရားသုံးဆူ နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်ကို စစ်ဆေးခဲ့ပြီးနောက် စံခလပူရီမြို့သို့ ရောက်ရှိလာကာ ဝင်းကဆရာတော်အား ဖူးမျှော်ခဲ့ကြောင်း မြို့ပိုင်ရုံးနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဝန်ကြီးချုပ်သည် စံခလပူရီ မြို့ပိုင်ရုံး၌ ဌာနဆိုင်ရာများတွေ့ဆုံ၍ နယ်စပ်နှင့်ပတ်သက်သည့် ထိုင်းအစိုးရ၏ ပေါ်လစီကို မှာကြားသွားခဲ့သည်။
“ကီလိုမီတာ ၂၀၀၀ ကျော်ရှိတဲ့ ထိုင်း-မြန်မာနယ်စပ်၏ အရေးပါမှုကို အစိုးရက ဘယ်သောအခါမှ လျစ်လျူရှုမည်မဟုတ်ကြောင်း၊ စံခလပူရီနယ်စပ်တလျှောက်ရှိ ညီအစ်ကို မောင်နှမများ၏ဘဝကို အလေးထားသလို မူးယစ်ဆေးဝါးတားဆီးမှု၊ တားမြစ်ကုန်ပစ္စည်းများနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေး ကြပ်မတ်သွားဖို့ ရဲတွေ အလုပ်လုပ်ဖို့လိုတယ်” ဟု အလေးပေး ပြောကြားခဲ့သည်။
ထို့ပြင် စစ်တပ်ပိုင်မြေများကို ပြည်သူများအတွက် အသက်မွေးဝမ်းကြောင်းပြုရန် ခွဲဝေပေးရေးအပါအဝင် တရားမဝင်ရာဘာများ၊ တရားမဝင်အလုပ်သမားများကို တင်းကြပ်စွာပိတ်ဆို့တားဆီးရမည်ဟု ဆိုသည်။
ထိုနောက် မွန်လူမျိုးများနေထိုင်သော ဝင်းကရွာကို မော်တော်ယာဥ်ဖြင့် သွားရောက်ပြီး ဝပ်ဝိဝေကာရာမကျောင်းတိုက်ရှိ ဆရာတော်ဥူဥတ္တမ၏ ကြွင်းကျန်သော ရုပ်ကလာဒ်တော်အား ဖူးမျှော်ခဲ့သည်။
ဝပ်ဝိဝေကာရာမကျောင်းတိုက်၌ နွေရာသီမွန်စာပေသင်တန်းဆင်း ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောဆိုပြီး မွန်စာပေသင်ကြားလာမှုအခြေအနေ၊ မွန်ယဥ်ကျေးမှုရေးရာတို့ကို မေးမြန်းသွားခဲ့သည်။
“ဘုရားသုံးဆူကို အလည်လာရင်း ဆရာတော်ဥူးဥတ္တမ ရုပ်ကလာဒ်တော်ကို ဂါရဝပြုခြင်း။ ပြီးတော့ ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး သစ်သားတံတားဖြစ်တဲ့ ဥူးဥတ္တမတံတား သို့မဟုတ် Mon Bridge ကို သွားလည်ရင်း အရမ်းလှပတဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားရင်း ကျွန်တော့်ပါးပေါ်မှာသနပ်ခါး လိမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မွန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေက ချစ်စရာကောင်းပါတယ်။ မွန်ယဉ်ကျေးမှုရဲ့ ကျက်သရေသည် ဤနေရာတွင် ခရီးသွားများအတွက် အားထားရာဖြစ်သည်”ဟု ဝန်ကြီးချုပ်က သူ၏ Facebook စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။
“မြန်မာနယ်စပ်နှင့်ထိစပ်နေပြီး ထိုင်းနိုင်ငံ၏ သာယာအေးချမ်းသော မြို့ငယ်လေးဖြစ်သည့် စံခလပူရီသည် ကမ္ဘာလှည့်ခရီးသည်များ မရောက်ဖူးသေးသည့် နေရာများထဲက တစ်ခုပါ။ UNESCO World Heritage Site နှင့် အကြီးဆုံး Thungyai Naresuan တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ တောတောင်များ၊ မြစ်ချောင်းများဖြင့် ဝန်းရံထားပြီး ရှေးဟောင်း မြန်မာနိုင်ငံမှ မွန်နှင့် ထိုင်းတို့၏ ရောနှောယဉ်ကျေးမှုကြွယ်ဝလျှက်ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ပတ်လုံးလာရောက်ဖို့ ဝင်ငွေတိုးဖို့ မည်သို့လုပ်ဆောင်ရမည်နည်း” စသည်ဖြင့် ဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာမှာ ဆက်လက်ဖော်ပြထားသည်။