ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ဥဒေါင်းကန် (၈) လမ်းရှိ
အောင်ခိုင်ဦး (ခ) ကတုံးဆိုသူ၏ နေအိမ်တွင်းမှ ပေါက်ကွဲသံတစ်ကြိမ် အကျယ်ကြီးကြားရပြီးနောက် နေအိမ်မီးလောင်မှုဖြစ်ပွားပြီး ပစ်ခံသံများကြားခဲ့ရကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။
“မီးလောင်မှုဖြစ်ပြီးတော့ နောက်ထပ် ပေါက်ကွဲသံ သုံးလေးကြိမ်လောက်ထပ်ကြားရတယ်။ ပြီးတော့ လက်နက်ငယ်နဲ့ ပစ်ခတ်သံ (၁၀) ချက်လောက်ကြားရတယ်။ ဖြစ်ဖြစ်ပြီးချင်းတော့ ဘယ်သူမှ မသွားကြည့်ကြသေးဘူး။ မီးကတော့ ငြိမ်းသွားပြီးလို့ သိရတယ်” ဟု ၎င်းမြို့ခံ ဆက်လက်ပြောကြားသည်။
ဘုရားသုံးဆူမြို့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသံကျယ်လောင်စွာပေါက်ကွဲသံကြားရပြီး မီးလောင်ခဲ့သည်ဟု ထိုင်းစစ်တပ်သတင်းရင်းမြစ်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။
ထိုပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူမြို့၊ တိုင်တစ်ရာကျောင်းတိုက်တွင်ဖွင့်လှစ်ထားသည့် နွေရာသီ မွန်စာပေယဉ်ကျေးမှုသင်တန်းကျောင်းတက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ မိဘများမှ စိုးရိမ်ကာ လာရောက်ခေါ်ယူခဲ့ကြကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း နှင့် စစ်တပ်မှာ တပ်ကုန်းအတွင်းထဲတွင်သာ ရှိကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ စစ်တပ်၏ တောင်စွန်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည့်အပြင် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များသွားရောက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း နှင့် ယင်းလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများ သိမ်းပိုက်ခံရပါက ဘုရားသုံးဆူမြို့ရှိ တပ်ကုန်းဗျူဟာတစ်ခုတည်းသာ ကျန်ရှိတော့မှာဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။