ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်၌ မေလ (၃) ရက်နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကောင်စီကား (၃) စီးအတွက် လျော်ကြေးငွေကျပ်သိန်း (၃၀၀) ကျေးရွာအုပ်ချုပ်ရေးမှူးထံ တောင်းခံထားကြောင်း ရွာသားများထံမှ သိရသည်။
“ရွာဥက္ကဌ ဦးမောင်က မီးရှို့ခံလိုက်ရတဲ့ ကား (၃) စီးအတွက် လျော်ကြေး သိန်း ၃၀၀ ပေးရမယ်လို့ လာပြောတယ်။ လျော်ကြေးမပေးဘူးဆိုရင် ရွာကလူတွေ ဒုက္ခရောက်မယ်လို့လည်း ဆိုတယ်။ အဲ့ဒီတာ့ ရွာကလူတွေ လျော်ကြေးပေးဖို့ ငွေလိုက်စုနေကြတယ်” ဟု ၎င်းရွာခံက ပြောသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသော စစ်ကောင်စီကား (၃) စီးမှာ Honda Fit (၂) စီး နှင့် Probox (၁) စီးမှာ လိုင်စင်မဲ့ကားများဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၃) ရက်နေ့က ကုလားကုတ်ကျွန်းတိုက်ပွဲအတွင်း မော့ကနင်အခြေစိုက် ခမရ-၅၈၈ နှင့် ခလရ ၁၀၆ စစ်ကောင်စီတပ်ရင်းများမှ စစ်ကူများစီးလာသော ကား (၃) စီးအား ကော့ဒွတ်ကူးတို့ဆိပ်တွင် ရပ်ထားပြီး စက်လှေဖြင့် ကုလားကုတ်ကျွန်းဘက်သို့ သွားနေစဥ် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့ရာ ကား (၃) စီးလုံး မီးလောင်ပျက်စီးသွားခဲ့သည်။
ကုလားဂုတ်ကျွန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၉) ဦး သေဆုံးပြီး (၂) ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ၊ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုထားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီမှ ရေကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ အပါအဝင် ရော်ဘာခြံများလည်း မီးလောင်ပျက်စီးခဲ့ခြင်းများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo Credit – CJ