မွန်ပြည်နယ်အတွင်းမှ စစ်မှုထမ်းရန် စစ်သားစုဆောင်းခံထားရသည့် လူငယ် (၅၀) ခန့်အား စစ်မှုထမ်းသင်တန်းပေးရန် သံဖြူဇရပ်တပ်နယ် တိုင်းဗဟို (၄) တပ်မတော်တန်းမြင့်သင်တန်းကျောင်း ဝဲကလိသို့ ထပ်မံပို့ဆောင်ခံရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီးရှိ အမှတ် (၆) ပညာရေးကျောင်း (တပ်မတော်ကြည်း) တွင် စစ်မှုထမ်းရန်စုဆောင်းထားသော လူငယ်များအား ပြီးခဲ့သည့် မေလ (၃) ရက်နေ့က ဝဲကလိကျေးရွာအခြေစိုက် တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဝဲကလိကျေးရွာ အခြေစိုက် တိုင်းဗဟို (၄) တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ သင်တန်းသားအယောက် (၂၀၀) ကျော်ရှိကြောင်း ဗမာ့ရေးရာ နှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ၏ ထုတ်ပြန်ချက်အရ သိရသည်။
မွန်ပြည်နယ်အတွင်း ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် သတ်မှတ်ထားသည့် လူဦးရေပြည့်မီခြင်းမရှိသေးသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် အဓမ္မစစ်သားအဖြစ် စုဆောင်းထားသည့် လူငယ်များအား အရင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ သံဖြူဇရပ်တပ်နယ်သို့ ပို့ဆောင်လိုက်သည့် လူငယ်များအား စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့က သွားရောက်နှုတ်ဆက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း၊ လက်ရှိမှာလည်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် စာရင်းတောင်းယူပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မဖမ်းဆီးကာ စစ်သားစုဆောင်းခြင်းများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။
စစ်မှုထမ်းအပတ်စဉ် (၁) တွင် စစ်ကောင်စီက နိုင်ငံတဝန်းမှ လူငယ် (၄၃၀၀) ကျော်ကို စစ်သားစုဆောင်းပြီး သင်တန်းကျောင်း (၁၅) ကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း (BACS) ၏ ဧပြီလ (၁၃) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။