မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းရှိ ကုလားကုတ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အရာဗိုလ် (၁) ဦးအပါအဝင် (၂) ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “အဲ့ဒီအပြင်ကို သေနတ် (၅) လက်၊ ကျည်ဘောက်တွေနဲ့ ကျည်ဆံတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရတယ်။ အသေးစိတ်အခြေအနေကိုတော့ သက်ဆိုင်ရာအဖွဲ့က သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု ပြောကြားသည်။
သို့ရာတွင် အထက်ပါသေဆုံးသည့်သတင်းကို မိမိသတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် မေလ (၃) ရက်နေ့ နံနက် (၃) နာရီချိန်ခန့်မှ စတင်ကာ ကုလားကုတ်ကျွန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ပင်လယ်ရေကြောင်းရန်ကာကွယ်ရေး အမြှောက်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရမှ နံနက် (၅) နာရီအချိန်ခန့်အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ထိုကုလားကုတ်ကျွန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် (၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း နှင့် ကုလားကုတ်ကျွန်းအပြင် လမိုင်းမြို့နယ်ခွဲ၏ ကမ်းခြေပိုင်းရှိ ကျေးရွာများဖြစ်ကြသော ကော့ဒွတ်ကျေးရွာကူးတို့ဆိပ်၊ နှစ်ကရင်ကျိုက်ဟလိုင်ကားဆိပ်နှင့် သပြေရွာသစ်နေရာတချို့တွင်လည်း စစ်ကောင်စီရေတပ်စစ်သဘေႅာပစ်ခတ်မှုကြောင့် လက်နက်ကြီးမျာား ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ မော့ကနင်ဘက်မှာရှိတဲ့ စစ်တပ်က စစ်ကူ (၁၅) ယောက်လောက်က အိမ်စီးကားတွေနဲ့ ရောက်လာပြီးတော့ ကုလားကုတ်ကျွန်းဘက်ကို စက်လှေနဲ့ထွက်သွားကြတယ်။ အဲ့ဒါကို တော်လှန်ရေးအဖွဲ့တွေက သတင်းရပြီး သူတို့စီးလာတဲ့ကားတွေကို မီးရှို့ဖျက်ဆီးလိုက်ကြတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့အပြင် တိုက်ပွဲများပြီးဆုံးသွားချိန်တွင်လည်း စစ်ကောင်စီရေတပ်စစ်သင်္ဘောများမှ ပင်လယ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့်ကြသည့် ဒေသခံပြည်သူများ၏ ငါးဖမ်းလှေများကိုလည်း အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ကုလားကုတ်ကျွန်း အပေါ်ဆိပ်တွင် အလတ်စားလေယာဥ်ကွင်းတစ်ခုကိုတည်ဆောက်နေပြီး အဆိုပါ ပင်လယ်ရေကြောင်းရန်ကာကွယ်ရေး အမြှောက်တပ်စခန်းမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုလားကုတ်ကျွန်းမှာ ရေးမြို့နယ်၊ နှစ်ကရင်နှင့် ကော့ဒွတ်ကမ်းခြေ၏ အနောက်ဘက် ခုနစ်မိုင် အကွာတွင် အလျား ကိုးမိုင်ကျော် ရှည်လျားသည့်ကျွန်းဖြစ်ကြောင်း၊ ကုလားကုတ်ကျေးရွာအုပ်စုအတွင်း အပေါ်ဆိပ်ကျေးရွာ၊ အလယ်ဆိပ်ကျေးရွာ နှင့် အောက်ဆိပ်ကျေးရွာဟူ၍ ကျေးရွာ (၃) ခုရှိကြောင်းနှင့် အိမ်ခြေ (၇၀၀) နီးပါးရှိပြီး၊ လူဦးရေ (၅၀၀၀) ကျော်နေထိုင်ကြကာ၊ ရေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများကိုအဓိက လုပ်ကိုင်ကြကြောင်း သိရသည်။